ثَلَاثَةُ الأُصُولِ وَأَدِلَّتُهَا
အစ္စလာမ့်အခြေခံယုံကြည်ချက်သုံးခုနှင့် ယင်း၏အထောက်အထားများ။
لِلشَّيْخِ
مُحَمَّدٍ التَّمِيمِي رَحِمَهُ اللهُ
ရှိုက်ခ် မုဟမ္မဒ် အတ္တမီမီ (အလ္လာဟ်အရှင်မြတ်က သူ့အပေါ် ကရုဏာတော် သက်ရောက်စေတော်မူပါစေ)
بِسْمِ اللهِ الرَّحمَنِ الرَّحِيمِ
အစ္စလာမ့်အခြေခံယုံကြည်ချက်သုံးခုနှင့် ယင်း၏အထောက်အထားများ။
မွစ်လင်မ်တိုင်း သင်ယူဆည်းပူးရန် အရေးကြီးသောအချက်များ။
အနန္တကရုဏာတော်ရှင် ဖြစ်တော်မူသော အလွန်သနား ကြင်နာတော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် (အစပြုပါ၏။)
သင့်အား အလ္လာဟ်အရှင်မြတ် သနားကြင်နာတော်မူပါစေ။ မတ်စ်အလဟ် (၄) ခုကို နားလည် သဘောပေါက်အောင် သင်ယူရန် ကျွန်တော်တို့အပေါ်တွင် တာဝန်ရှိကြောင်း သိထားရမည်။ ၎င်းတို့မှာ-
(၁) အိလ်မ် - အလ္လာဟ်အရှင်မြတ်အား သိရှိခြင်း၊ ထိုအရှင်မြတ်၏ နဗီတမန်တော်အား သိရှိခြင်းနှင့် အစ္စလာမ်သာသနာအား အထောက်အထားများနှင့်တကွ သိရှိနားလည်ခြင်းတို့ဖြစ်သည်။
(၂) သိနားလည်ထားသည့်အတိုင်း လက်တွေ့ လိုက်နာကျင့်သုံးခြင်း။
(၃) ထိုအရာများဘက်သို့ ဖိတ်ခေါ်ခြင်း။
(၄) ထိုသို့ဖိတ်ခေါ်ရာတွင် ကြုံတွေ့ရမည့် ဘေးဒုက္ခများအပေါ် သည်းခံခြင်းတို့ဖြစ်သည် ၎င်း၏ အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။ အနန္တကရုဏာတော်ရှင် ဖြစ်တော်မူသော အလွန်သနား ကြင်နာတော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် (အစပြုပါ၏။)
{وَالْعَصْرِ 1 إِنَّ الْإِنسَانَ لَفِي خُسْرٍ 2 إِلَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَتَوَاصَوْا بِالْحَقِّ وَتَوَاصَوْا بِالصَّبْرِ 3}
[(ငါအရှင်မြတ်သည်) ခေတ်ကာလ (အစွရ်အချိန်၊ အစွရ်ဆွလာသ်)ကို သက်သေထူတော်မူသည်။ (1)
အမှန်စင်စစ် လူသားသည် အမှန်ပင် ဆုံးရှုံးမှုထဲတွင်ရှိသည်။ (2)
အကြင်သူများမှလွဲ၍၊ ထိုသူများသည် အီမာန်ယုံကြည်ခဲ့ကြပြီး ကောင်းမြတ်သည့် လုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် အမှန်တရားအပေါ်တွင် ရပ်တည်ကြရန် အချင်းချင်း တိုက်တွန်းဆုံးမကြသည်။ ထို့ပြင် သူတို့သည် သည်းခံကြရန်လည်း အချင်းချင်း တိုက်တွန်းဆုံးမကြသည်။ (3)} 1
အိမာမ် ရှာဖိအီ (رحمه الله) က ပြောကြားသည်မှာ- အကယ်၍ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အဖန်ဆင်းခံများပေါ်တွင် ထိုစူရဟ် တစ်ပုဒ်မှလွဲ၍ အခြားမည်သည့် အထောက်အထားမျှ မချပေးခဲ့လျှင်လည်း ၎င်းတို့အတွက် လုံလောက်ပေသည်။ အိမာမ် ဗုခါရီ (رحمه الله) က (ဗုခါရီကျမ်း အတွဲ ၁ စာမျက်နာ ၄၅ တွင်)
“ပြောဆိုခြင်းနှင့် ‘အမလ်’ ကျင့်သုံးခြင်း မတိုင်မီ ‘အိလ်မ်’ အသိပညာ ရှိရမည်”ဟူသောကဏ္ဍကို တင်ပြထားသည်။ ၎င်းနှင့် ပတ်သက်သည့် အထောက်အထားမှာ - အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{فَاعْلَمْ أَنَّهُ لَا إِلَٰهَ إِلَّا اللَّهُ وَاسْتَغْفِرْ لِذَنبِكَ...}
(သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်ကောင်းစွာသိရှိ ယုံကြည်ထားပါလေ အလ္လာဟ်ရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိ၊ ထို့ပြင် အသင်သည် မိမိ၏ ချို့တဲ့မှုနှင့် စပ်လျဥ်း၍လည်းကောင်း၊ သက်ဝင်ယုံကြည်သူ ယောက်ျား၊ မိန်းမတို့အဖို့လည်းကောင်း၊လွတ်ငြိမ်းချမ်းသာခွင့် ကို ပန်ကြားအသနားခံပါလေ။)2 အရှင်မြတ်က ပြောဆိုခြင်းနှင့် ‘အမလ်’ ကျင့်သုံးခြင်း မတိုင်မီ ‘အိလ်မ်’ အသိပညာဖြင့် အစပြုတော်မူခဲ့သည်။
သင့်အား အလ္လာဟ်အရှင်မြတ် သနားကြင်နာတော်မူပါစေ။ မွတ်စ်လင်မ် အမျိုးသား၊ အမျိုးသမီးတိုင်းအပေါ်တွင် ဤမတ်စ်အလဟ် (၃)ခုကို သင်ယူဆည်းပူးရန်နှင့် လက်တွေ့လိုက်နာ ကျင့်သုံးရန် တာဝန်ရှိကြောင်း သိထားရမည်။
(၁) အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား ဖန်ဆင်းတော်မူပြီး ရိုဇီရိက္ခာကို ချီးမြှင့်တော်မူသည်။ ထိုအရှင်မြတ်သည် ကျွန်ုပ်တို့အား လျစ်လျူရှု စွန့်ပစ်ထားခြင်းမရှိဘဲ ကျွန်ုပ်တို့ထံသို့ ရစူလ်တမန်တော်ကို စေလွှတ်တော်မူခဲ့သည်။ မည်သူမဆို ထိုရစူလ်တမန်တော်၏ အမိန့်ကို နာခံခဲ့လျှင် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်ဖြစ်ပြီး ထိုရစူလ်တမန်တော်၏ အမိန့်ကို ဖီဆန်ခဲ့လျှင် ဂျဟန္နမ်ငရဲသို့ ဝင်ရောက်မည် ဖြစ်သည်။ ၎င်း၏ အထောက်အထားမှာ - အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{إِنَّا أَرْسَلْنَا إِلَيْكُمْ رَسُولًا شَاهِدًا عَلَيْكُمْ كَمَا أَرْسَلْنَا إِلَىٰ فِرْعَوْنَ رَسُولًا 15 فَعَصَىٰ فِرْعَوْنُ الرَّسُولَ فَأَخَذْنَاهُ أَخْذًا وَبِيلًا 16}
(အမှန်စင်စစ် ငါအရှင်မြတ်သည် ဖိရ်အောင်န်ထံသို့ တမန်တော် တစ်ပါး စေလွှတ်တော်မူသကဲ့သို့ပင် အသင်တို့ထံသို့လည်း တမန်တော်တစ်ပါးကို အသင်တို့ အပေါ်တွင် သက်သေအဖြစ် စေလွှတ်တော်မူသည်။ (15)
ထို့နောက် ဖိရ်အောင်န်သည် ထိုတမန်တော်ကို ဖီဆန်ခဲ့သည့်အတွက် ငါအရှင်မြတ်သည် သူ့ကို ပြင်းထန်စွာ ဖမ်းဆီးအရေးယူတော်မူခဲ့သည်။ (16))3
(စူရဟ် မုဇမ္မိလ် : အာယသ် 15 - 16)
(၂) အလ္လာဟ်အရှင်မြတ်သည် မိမိအား ‘အိဗာဒသ်’ ခဝပ်ကိုးကွယ်မှုပြုရာတွင် မိမိနှင့်အတူ အခြားတစ်စုံတစ်ရာကို (ရှိရ်က်) ဖက်စပ်ယှဥ်တွဲမှုပြုခြင်းကို လုံးဝလက်ခံသဘောတူမည် မဟုတ်ပေ။ ထိုသို့ ဖက်စပ်ယှဥ်တွဲမှု ပြုသည့်အရာသည် အရှင်မြတ်၏ အပါးတော်၌ရှိသော ကောင်းကင်တမန်ပင်ဖြစ်စေ၊ စေလွှတ်ခြင်းခံရသော ရစူလ်တမန်တော်ပင်ဖြစ်စေ၊ လုံးဝလက်ခံသဘောတူမည် မဟုတ်ပေ။ ၎င်း၏အထောက်အထားမှာ - အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{وَأَنَّ الْمَسَاجِدَ لِلَّهِ فَلَا تَدْعُوا مَعَ اللَّهِ أَحَدًا 18}
(ထို့ပြင် အမှန်စင်စစ် မတ်စ်ဂျိဒ် ဗလီဝတ်ကျောင်းတော်များသည် အလ္လာဟ် အရှင်မြတ်အတွက်ပင် ဖြစ်ခြင်းကြောင့် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ မည်သူ့ကိုမျှ မကိုးကွယ်ကြနှင့်။)4
(စူရဟ် ဂျင်န် : အာယသ် 18)
(၃) အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းကိုသာ ခဝပ်ကိုးကွယ်ပြီး ရစူလ်တမန်တော် (ﷺ)၏ အမိန့်ကို နာခံသောသူသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော် (ﷺ)၏ အမိန့်တော်များကို သွေဖည် ဆန့်ကျင်သူတို့အား ၎င်းတို့သည် အလွန်ရင်းနှီးသော သွေးသားအရင်းအချာပင်ဖြစ်စေ ချစ်ခင်မြတ်နိုးခြင်း ပြုပိုင်ခွင့်မရှိပေ။ ၎င်း၏အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{لَّا تَجِدُ قَوْمًا يُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ يُوَادُّونَ مَنْ حَادَّ اللَّهَ وَرَسُولَهُ وَلَوْ كَانُوا آبَاءَهُمْ أَوْ أَبْنَاءَهُمْ أَوْ إِخْوَانَهُمْ أَوْ عَشِيرَتَهُمْ ۚ أُولَٰئِكَ كَتَبَ فِي قُلُوبِهِمُ الْإِيمَانَ وَأَيَّدَهُم بِرُوحٍ مِّنْهُ ۖ وَيُدْخِلُهُمْ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ رَضِيَ اللَّهُ عَنْهُمْ وَرَضُوا عَنْهُ ۚ أُولَٰئِكَ حِزْبُ اللَّهِ ۚ أَلَا إِنَّ حِزْبَ اللَّهِ هُمُ الْمُفْلِحُونَ 22}
(အလ္လာဟ် အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို ယုံကြည်သူများသည် အလ္လာဟ် အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို ဆန့်ကျင်သောသူများအား ချစ်ခင်ကြသည်ကို အသင်(တမန်တော်) တွေ့ရမည် မဟုတ်ပေ။ ယင်း(ဆန့်ကျင်သောသူ)တို့သည် သူတို့၏ ဖခင်များပင်ဖြစ်စေ၊ သူတို့၏ သားများပင်ဖြစ်စေ၊ သူတို့၏ ညီအစ်ကိုများပင်ဖြစ်စေ၊ သူတို့၏ ဆွေမျိုးသားချင်းများပင်ဖြစ်စေ (ထိုသူများကို ချစ်ခင်ကြသည်ကို အသင် တွေ့ရမည် မဟုတ်ပေ)။ ထိုသူများသည် အကြင်သူများပင် ဖြစ်ကြသည်၊ အရှင်မြတ်သည် သူတို့၏ စိတ်နှလုံးများထဲတွင် အီမာန် ယုံကြည်မှုကို ရေးမှတ်တော်မူခဲ့သည်။ ထို့ပြင် သူတို့အား အရှင်မြတ်ထံတော်မှ ဝိညာဉ်ဆိုင်ရာ အင်အားဖြင့် အားဖြည့်ပေးတော်မူခဲ့သည်။ ထို့ပြင် သူတို့အား အရှင်မြတ်က အကြင်ဥယျာဉ်များကို ဝင်ရောက်စေတော်မူမည်။ ယင်း(ဥယျာဉ်များ)၏ အောက်မှ ချောင်းများ စီးဆင်းနေကြလိမ့်မည်။ သူတို့သည် ထိုအထဲတွင် အမြဲနေကြရမည်။ အရှင်မြတ်သည် သူတို့အား ကျေနပ်တော်မူမည်။ သူတို့လည်း အရှင်မြတ်အား ကျေနပ်ကြမည်ဖြစ်သည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အုပ်စုပင်ဖြစ်သည်။ သတိပြုကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ အုပ်စုပင် အောင်မြင်မည့်သူများ ဖြစ်ကြသည်။5 (စူရဟ် မုဂျာဒလဟ် : အာယသ် 22).
‘အလ်ဟနီဖီယဟ်’သည် အိဗ်ရာဟီးမ် (عليه السلام)၏ သာသနာ့လမ်းစဉ် ဖြစ်သည်။
၎င်းမှာ အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းအား ခဝပ်ကိုးကွယ်ဆည်းကပ်ခြင်းဖြစ်သည်။
အလ္လာဟ်အရှင်မြတ်က သင့်အား အရှင်မြတ်၏ အမိန့်တော်ကို လိုက်နာနိုင်စွမ်း ချီးမြှင့်ပေးတော်မူပါစေ။ ‘အလ်ဟနီဖီယဟ်’ အိဗာဒသ် ခဝပ်ကိုးကွယ်မှု အလုံးစုံကို အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းအတွက်သာ သီးသန့် ရည်ရွယ်၍ ပြုလုပ်ခြင်းသည် တမန်တော် အိဗ်ရာဟီးမ် (عليه السلام) ၏ လမ်းစဥ်ပင် ဖြစ်ကြောင်း သိထားရမည်။ အလ္လာဟ်အရှင်မြတ်သည် လူခပ်သိမ်းအား ဤလမ်းစဥ်အတိုင်း လျှောက်လှမ်းကြရန် အမိန့်ပေးထားပြီး ထိုသို့ အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ ‘အိဗာဒသ်’ ပြုလုပ်ရန်အတွက်သာ ၎င်းတို့ကို ဖန်ဆင်းထားခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{وَمَا خَلَقْتُ الْجِنَّ وَالْإِنسَ إِلَّا لِيَعْبُدُونِ 56}
(စင်စစ်သော်ကား ငါအရှင်မြတ်သည် ဂျင်န်သတ္တဝါတို့အားလည်းကောင်း၊ မနုဿ လူသားတို့အားလည်းကောင်း၊ ငါအရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ကြရန်သာလျှင်ဖန်ဆင်းတော်မူခဲ့၏။)6 ဤအာယသ်တော်တွင်လာရှိသော 'ဆည်းကပ်ကိုးကွယ်ကြရန်'၏ အလိုသဘောမှာ အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်းကိုဆိုလိုသည်။
အလ္လာဟ်အရှင်မြတ်အမိန့်ပေးစေခိုင်းထားသော အကြီးအကျယ်ဆုံးအရာမှာ သောင်ဟီးဒ်ဖြစ်ပြီး၊ ၎င်းမှာ အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းအား ခဝပ်ကိုးကွယ်ခြင်းဖြစ်သည်။
အလ္လာဟ်အရှင်မြတ်တားမြစ် ပိတ်ပင်ထားသော အကြီးကျယ်ဆုံးသောအရာမှာ ရှိရ်က်ဖြစ်ပြီး၊ ၎င်းမှာ အလ္လာဟ်အရှင်မြတ်အပ အခြား တစ်စုံတစ်ရာကို အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ခြင်းဖြစ်သည်။ အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်။
{وَاعْبُدُوا اللَّهَ وَلَا تُشْرِكُوا بِهِ شَيْئًا...}
(ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ် ဆည်းကပ်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မည်သည့်တစ်စုံတစ်ရာကိုမျှ ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ခြင်းကို မပြုကြလေနှင့်။)7
လူတိုင်း သိနားလည်ထားရန် တာဝန်ရှိသည့် အခြေခံ ဥပဒေသ (၃) ခုမှာ အဘယ်နည်းဟု သင်မေးမြန်းခံရလျှင်
၎င်းတို့မှာ- ‘ကျွန်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကိုသိရှိခြင်း၊ မိမိသာသနာကို သိရှိခြင်းနှင့် မိမိ၏ နဗီတမန်တော် မုဟမ္မဒ် (ﷺ)ကို သိရှိခြင်းတို့ ဖြစ်သည်”ဟု ပြန်လည်ဖြေကြားပါ။
သင့်အား “သင်၏ ‘ရဗ်’ ဖန်ဆင်းမွေးမြူတော်မူသောအရှင်မှာ မည်သူနည်း”ဟု မေးမြန်းလာလျှင်
“အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်၏ ‘ရဗ်’ ဖန်ဆင်းမွေးမြူတော်မူသောအရှင် ဖြစ်ပြီး ထိုအရှင်မြတ်သည် ကျွန်ုပ်နှင့်တကွ စကြာဝဠာ ခပ်သိမ်းတို့အား မိမိ၏ကျေးဇူးတော်ဖြင့် ဖန်ဆင်းမွေးမြူတော်မူခဲ့သည်။ ထိုအရှင်မြတ်သာလျှင် ကျွန်ုပ်၏ ကိုးကွယ်ရာအရှင်ဖြစ်ပြီး ထိုအရှင်မြတ်မှအပ အခြား ခဝပ်ကိုးကွယ်ခြင်းခံထိုက်သည့်အရှင် ကျွန်ုပ်အတွက် မရှိပါ”ဟု ဖြေကြားပါ။ ၎င်း၏အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ 2}
(ချီးမွမ်းထောမနာခြင်း ဟူသမျှသည် စကြဝဠာအပေါင်းတို့ကို (မဖြစ်ပေါ်မီကစ၍ ပြည့်စုံပြီးစီးသည့်တိုင်အောင် အဆင့်ဆင့်) ပြုစုပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ် အဖို့သာတည်း။)8 အလ္လာဟ်အရှင်မြတ်မှအပ အဖန်ဆင်းခံအားလုံးသည် ‘အာလမ်’ တွင် ပါဝင်သည်။ ကျွန်ုပ်သည်လည်း ထို’အာလမ်’တွင် ပါဝင်သူတစ်ဦး ဖြစ်သည်။
သင့်အား “သင်၏ ဖန်ဆင်းမွေးမြူတော်မူသော အရှင်အား သင်မည်သို့ သိရှိပါသနည်း။”ဟု မေးမြန်းလာလျှင်
ထိုအရှင်မြတ်၏ သက်သေ လက္ခဏာတော်များ၊ ထိုအရှင်မြတ်၏ အဖန်ဆင်းခံများကို ကြည့်ပြီး သိနိုင်ပါသည်”ဟု ဖြေကြားပါ။ ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များတွင် ညသည် လည်းကောင်း၊ နေ့သည် လည်းကောင်း၊ နေသည် လည်းကောင်၊ လသည် လည်းကောင်း ပါဝင်သည်။ ထိုအရှင်မြတ်၏ အဖန်ဆင်းခံများတွင် မိုးခုနှစ်ထပ်၊ မြေခုနှစ်ထပ်နှင့် ၎င်းမိုးကောင်းကင်များနှင့် မြေပထဝီတွင်ရှိသော အရာများ၊ မိုးကောင်းကင်များနှင့် မြေပထဝီကြားရှိ အရာများအားလုံးပါဝင်သည်။ ၎င်း၏အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{وَمِنْ آيَاتِهِ اللَّيْلُ وَالنَّهَارُ وَالشَّمْسُ وَالْقَمَرُ ۚ لَا تَسْجُدُوا لِلشَّمْسِ وَلَا لِلْقَمَرِ وَاسْجُدُوا لِلَّهِ الَّذِي خَلَقَهُنَّ إِن كُنتُمْ إِيَّاهُ تَعْبُدُونَ 37}
(အမှန်သော်ကား ညသည်လည်းကောင်း၊ နေ့သည်လည်းကောင်း၊ နေသည်လည်းကောင်း၊ လသည်လည်းကောင်း၊ ထိုအရှင်မြတ်၏သက်သေ လက္ခဏာတော်တို့အနက်မှ ဖြစ်ကုန်၏။ (သို့ဖြစ်ပေရာ) အသင်တို့သည် နေကိုလည်း စဂျ်ဒဟ် ပျပ်ဝပ်ဦးချ(ပူဇော်ဆည်းကပ်)ခြင်း မပြုကြကုန်လင့်။ ထိုနည်းတူစွာ အသင်တို့သည် လကိုလည်း ပျပ်ဝပ်ဦးချ (ပူဇော်ဆည်းကပ်)ခြင်း မပြုကြကုန်လင့်။ သို့ရာတွင် ယင်းသက်သေလက္ခဏာတော်(လေးပါး)ကို ဖန်ဆင်းတော်မူသောအလ္လာဟ်အရှင်မြတ် အားသာလျှင် စဂျ်ဒဟ် ပျပ်ဝပ်ဦးချလေကုန်။ အကယ်၍ အသင်တို့သည် အကယ်စင်စစ်ထိုအရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်သူများဖြစ်ကြလျှင်။)9 (စူရဟ် ဖွသ်စွိလသ် : အာယသ် 37)
ထို့ပြင် အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်။
{إِنَّ رَبَّكُمُ اللَّهُ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ فِي سِتَّةِ أَيَّامٍ ثُمَّ اسْتَوَىٰ عَلَى الْعَرْشِ يُغْشِي اللَّيْلَ النَّهَارَ يَطْلُبُهُ حَثِيثًا وَالشَّمْسَ وَالْقَمَرَ وَالنُّجُومَ مُسَخَّرَاتٍ بِأَمْرِهِ ۗ أَلَا لَهُ الْخَلْقُ وَالْأَمْرُ ۗ تَبَارَكَ اللَّهُ رَبُّ الْعَالَمِينَ 54}
(ဧကန်စင်စစ် အသင်တို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်ပင်ဖြစ်၏။ ထိုအလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီကို ခြောက်ရက်(နှင့် ညီမျှသောအချိန်)တွင် (ပြီးစီးအောင်) ဖန်ဆင်းတော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်သည် အရ်ရှ်ပလ္လင်တော်ထက်ဝယ် စံမြန်းတော်မူသည်။ အရှင်မြတ်သည် နေ့ကိုညဖြင့်ဖုံးအုပ်တော်မူသည်။ ထိုညသည်နေ့၏နောက်မှ လျင်မြန်စွာရောက်ရှိလာလေသည်။ ၎င်းပြင်(ထိုအရှင်မြတ်သည်ပင်) နေကိုလည်းကောင်း၊ လကိုလည်းကောင်း၊ ကြယ်နက္ခတ်တို့ကိုလည်းကောင်း၊ မိမိ၏ဩဇာခံများ၊ အမိန့်နာခံရသူများအဖြစ် (ပြုလုပ်ဖန်ဆင်းတော်မူခဲ့လေသည်။) ဖန်ဆင်းမှုသည်လည်းကောင်း၊ အမိန့်အာဏာတော်သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သာလျှင်စိုးပိုင်တော်မူသည်ကို ကောင်းစွာမှတ်ယူကြလေကုန်။ စကြာဝဠာ ခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအလ္လာဟ်အရှင်မြတ်သည် ကောင်းချီးမင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူချေသတည်း။)10
(စူရဟ် အအ်ရားဖ် : အာယသ် 54)
ရဗ်ဟူသည် ကိုးကွယ်ခြင်းခံထိုက်သော အရှင်သာလျှင်ဖြစ်သည်။ အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်။
{يَا أَيُّهَا النَّاسُ اعْبُدُوا رَبَّكُمُ الَّذِي خَلَقَكُمْ وَالَّذِينَ مِن قَبْلِكُمْ لَعَلَّكُمْ تَتَّقُونَ 21 الَّذِي جَعَلَ لَكُمُ الْأَرْضَ فِرَاشًا وَالسَّمَاءَ بِنَاءً وَأَنزَلَ مِنَ السَّمَاءِ مَاءً فَأَخْرَجَ بِهِ مِنَ الثَّمَرَاتِ رِزْقًا لَّكُمْ ۖ فَلَا تَجْعَلُوا لِلَّهِ أَندَادًا وَأَنتُمْ تَعْلَمُونَ 22}
(အို လူသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အား မွေးမြူတော်မူထသော (အလ္လာဟ်အရှင်မြတ်)ကို ခဝပ်ကိုးကွယ်ကြကုန်။ ထိုအရှင်သည် အသင်တို့ကိုလည်းကောင်း၊ အသင်တို့အလျင် အထက်ထက် အဆက်ဆက်က ရှိခဲ့ဘူးသော ရှေးပဝေသဏီ လူဟောင်းများကို လည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်ဖြစ်သည်။ ထိုသို့ ခဝပ်ကိုးကွယ်ကြမှသာလျှင် အသင်တို့သည် (ဒုစရိုက်မှုများကို) ကြဉ်ရှောင်သော သူတော်သူစင်များ ဖြစ်တန်ကြရာသတည်း။ (21)
အကြင်အရှင်မြတ်သည်အသင်တို့ ( နေထိုင်သွားလာ နိုင်ရန်အလို့ငှါ )ဤပထဝီ မြေပြင်ကို အခင်းအဖြစ်လည်းကောင်း ၊ မိုးကောင်းကင်ကို အမိုးအဖြစ်လည်း ကောင်း ပြုလုပ်ပေးသနားတော်မူ၍ ယင်းမိုးကောင်ကင်မှပင်မိုးရွာသွန်းစေတော်မူပြီး ထိုမိုးရေဖြင့်ကောက်ပဲသီးနှံအမျိုးမျိုးတို့ကို အသင်တို့အဖို့ ရိက္ခာအဖြစ်ပေါက်ရောက်စေတော်မူ၏။ သို့ ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် မည်သည့်အရာကိုမျှ တွဲဖက်ကိုးကွယ်ခြင်းကို အလျင်းမပြုကြလေနှင့်၊ (သို့ အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ ခဝပ်ကိုးကွယ်ခြင်းကိုမပြုအပ်ကြောင်းကို) အသင်တို့ကိုယ်တိုင်လည်း အသိပင်ဖြစ်ကြသည်။(22))11
(စူရဟ် ဘကရဟ် : အာယသ် 21 - 22)
အိဗ်နုကဆီးရ် (رحمه الله)က ပြောကြားခဲ့သည်မှာ- “ဤအရာ အားလုံးကို ဖန်ဆင်းတော်မူသော အရှင်မြတ်သည်သာ ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်တော်မူသည်။”
အလ္လာဟ်အရှင်မြတ် မိန့်ကြားထားသော အိဗာဒသ် အမျိုးအစားများ။
အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူထားသော ‘အိဗာဒသ်’ အမျိုးအစားများတွင် ဥပမာအားဖြင့် ‘အစ္စလာမ်’၊ ‘အီမာန်’ နှင့် ‘အိဟ်စာန်’တို့ ပါဝင်ပြီး ၎င်းတွင် ‘ဒုအာ’ ဆုတောင်းခြင်း၊ ကြောက်ရွံ့ခြင်း၊ မျှော်လင့်ချက်ထားခြင်း၊ ‘သဝက္ကုလ်’ ယုံကြည်အားထားခြင်း၊ မက်ဆန္ဒထားခြင်း၊ စိုးရိမ်ခြင်း၊ ကျိုးနွံရိုကျိုးခြင်း၊ ကြောက်ရွံ့ရိုသေခြင်း၊ ‘သောင်ဗဟ်’ အမှားဝန်ခံခြင်း၊ အကူအညီတောင်းခံခြင်း၊ ခိုလှုံခွင့်တောင်းခံခြင်း၊ အခက်အခဲ ဒုက္ခများမှ လွတ်ကင်းရန် တောင်းခံခြင်း၊ ‘ဇဗဟ်’ သားကောင်လှီးခြင်း၊ ‘နဇရ်’ကိုးခြင်းတို့ အပါအဝင် အခြားသော ‘အိဗာဒသ်’များ အားလုံးသည် အလ္လာဟ်အရှင်မြတ် မိန့်တော်မူထားသည့် ‘အိဗာဒသ်’ထဲတွင် ပါဝင်ပြီး ထို‘အိဗာဒသ်’ အားလုံးကို အလ္လာအရှင်မြတ်အတွက်သာ ပြုလုပ်ရမည်။ ၎င်း၏ အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{وَأَنَّ الْمَسَاجِدَ لِلَّهِ فَلَا تَدْعُوا مَعَ اللَّهِ أَحَدًا 18}
(ထို့ပြင် အမှန်စင်စစ် မတ်စ်ဂျိဒ် ဗလီဝတ်ကျောင်းတော်များသည် အလ္လာဟ် အရှင်မြတ် အတွက်ပင် ဖြစ်ခြင်းကြောင့် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ မည်သူ့ကိုမျှ မကိုးကွယ်ကြနှင့်။) 12
(စူရဟ် ဂျင်န် : အာယသ် 18)
အိဗာဒသ် အမျိုးအစားများအနက်မှ တစ်ခုခုကို အလ္လာဟ်အရှင်မြတ်အပြင် အခြားအဖန်ဆင်းခံ တစ်စုံ တစ်ရာအတွက် ပြုလုပ်လိုက်လျှင် ထိုသူသည် ‘မုရှ်ရိက်’ ဖက်စပ်ကိုးကွယ်သူ၊ ‘ကာဖိရ်’ သွေဖည်ငြင်း ပယ်သူပင်ဖြစ်သည်။၎င်း၏ အထောက် အထားမှာ - အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{وَمَن يَدْعُ مَعَ اللَّهِ إِلَٰهًا آخَرَ لَا بُرْهَانَ لَهُ بِهِ فَإِنَّمَا حِسَابُهُ عِندَ رَبِّهِ ۚ إِنَّهُ لَا يُفْلِحُ الْكَافِرُونَ 117}
(စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်၍ အကြောင်းမဲ့၊ အထောက် အထားမဲ့၊ အခြားကိုးကွယ်ရာ တစ်စုံတစ်ရာကို ဟစ် ခေါ် ဆည်းကပ်ကိုးကွယ်သည်ရှိသော်၊ ထိုသူအား စစ်ဆေးရန်မှာ ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် ထံတော်၌သာလျှင် ရှိပေသည်။ မလွဲဧကန် ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့ကား အောင်မြင်မှု ရရှိကြမည် မဟုတ်ပေ။)13
(စူရဟ် မုအ်မိနူးန် : အာယသ် 117)
ဟဒီးစ်တော်တွင် လာရှိသည်မှာ-
{الدُّعَاءُ مُخُّ العِبَادَةِ}.
(ဒုအာဆုတောင်းခြင်းသည် ‘အိဗာဒသ်’၏ ဦးနှောက် အဆီအနှစ်ဖြစ်သည်။)14 ၎င်း၏အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{وَقَالَ رَبُّكُمُ ادْعُونِي أَسْتَجِبْ لَكُمْ ۚ إِنَّ الَّذِينَ يَسْتَكْبِرُونَ عَنْ عِبَادَتِي سَيَدْخُلُونَ جَهَنَّمَ دَاخِرِينَ 60}
(ထို့ပြင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် (ဤသို့)မိန့်ကြားတော်မူခဲ့၏။ အသင်တို့သည် ငါအရှင်မြတ်ထံတော်တွင် ဆုတောင်း ပတ္ထနာပြုကြလေကုန်။ ငါအရှင်မြတ် သည် အသင်တို့၏ ဆုတောင်းပတ္ထနာပြုချက်ကို လက်ခံတော်မူမည်။ ဧကန်စင်စစ် ငါအရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ခြင်းမှ မောက်မာကြကုန်သောသူတို့မှာမူကား မကြာမြင့်မီပင် ဂုဏ်အသရေယုတ်ညံ့စွာနှင့် ‘ဂျဟန္နမ်’ငရဲဘုံသို့ ဝင်ရောက်ကြကုန်အံ့သတည်း။)15 (စူရဟ် ဂါဖိရ် : အာယသ် 60)
ကြောက်ရွံ့ခြင်းသည် အိဗာဒသ်ဖြစ်ကြောင်း အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်ကြား တော်မူသည်။
{...فَلَا تَخَافُوهُمْ وَخَافُونِ إِن كُنتُم مُّؤْمِنِينَ}
(သို့သော်လည်း အကယ်၍ အသင်တို့သည် မုအ်မင်န် သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင် ယင်းသူတို့အား မကြောက်မရွံ့ဘဲ ငါအရှင်မြတ်ကိုသာကြောက်ရွံ့ကြလေကုန်။)16 (စူရဟ် အာလိအင်မ်ရားန် : အာယသ် 175)
မျှော်လင့်ချက်ထားခြင်းသည် အိဗာဒသ် ဖြစ်ခြင်း၏ အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်။
{فَمَن كَانَ يَرْجُو لِقَاءَ رَبِّهِ فَلْيَعْمَلْ عَمَلًا صَالِحًا وَلَا يُشْرِكْ بِعِبَادَةِ رَبِّهِ أَحَدًا110}
(သို့ဖြစ်ပေရာ မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့်တွေ့ဆုံရန် မျှော်လင့်လျက်ရှိသောသူသည် ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ရပေမည်။ ၎င်းပြင် ထိုသူသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား ခဝပ်ကိုးကွယ်ရာ၌ မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် တွဲဖက်ယှဉ်တွဲ (ကိုးကွယ်)ခြင်းမပြုရချေ။)17 (စူရဟ် ကဟဖ် : အာယသ် 110)
‘သဝက္ကုလ်’ ယုံကြည်အားထားခြင်းသည် အိဗာဒသ်ဖြစ်ကြောင်း အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{...وَعَلَى اللَّهِ فَتَوَكَّلُوا إِن كُنتُم مُّؤْمِنِينَ}
(ထို့ပြင် အသင်တို့သည် အကယ်၍‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်စိတ်ချ အားထားကြလေကုန်။)18 (စူရဟ် မာအိဒဟ် : အာယသ် 23)
{وَمَن يَتَوَكَّلْ عَلَى اللَّهِ فَهُوَ حَسْبُهُ...}
(ထိုမှတစ်ပါး မည်သူမဆို အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံကြည်အားထားပါမူ ထိုအရှင်မြတ်သည် ထိုသူ၏အဖို့ လုံလောက်တော်မူ၏။ )19 (စူရဟ် သွလာက် : အာယသ် 3)
မက်ဆန္ဒထားခြင်း၊ စိုးရိမ်ခြင်း၊ ကျိုးနွံရိုကျိုးခြင်းတို့သည် အိဗာဒသ်ဖြစ်ကြောင်း အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{...إِنَّهُمْ كَانُوا يُسَارِعُونَ فِي الْخَيْرَاتِ وَيَدْعُونَنَا رَغَبًا وَرَهَبًا ۖ وَكَانُوا لَنَا خَاشِعِينَ}.
(ဧကန်အမှန် ထို(နဗီတမန်တော်)တို့သည် ကောင်းမှုသုစရိုက်များကို ဆောလျင်စွာ ပြုလုပ်တတ်သူများ ဖြစ်ခဲ့ကြကုန်၏။ ထို့ပြင် ငါအရှင်မြတ်အား စိတ်ပါဝင်စားစွာလည်းကောင်း၊ ကြောက်ရွံ့စွာလည်းကောင်း၊ ဟစ်ခေါ်တသလေ့ ရှိခဲ့ကြကုန်၏။ ထိုမှတစ်ပါး၎င်းတို့သည် ငါအရှင်မြတ်အား ကျိုးနွံသူများလည်း ဖြစ်ခဲ့ကြကုန်သတည်း။)20
ကြောက်ရွံ့ရိုသေခြင်းသည် အိဗာသ်ဖြစ်ကြောင်း အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{...فَلَا تَخْشَوْهُمْ وَاخْشَوْنِ...}
(သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းတို့ အား အလျင်း မကြောက်ရွံ့ကြပဲ ငါအရှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ကြလေကုန်။)21 (စူရဟ် မာအိဒဟ် : အာယသ် 3)
'သောင်ဗဟ်’ အမှားဝန်ခံ၍ အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ ပြန်လှည့်ခြင်းသည် အိဗာဒသ်ဖြစ်ကြောင်း အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{وَأَنِيبُوا إِلَىٰ رَبِّكُمْ وَأَسْلِمُوا لَهُ...}
(၎င်းပြင် အသင်တို့သည် မိမိတို့ထံ ပြစ်ဒဏ်ဆိုက်ရောက်၍မလာမီပင် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်တော်သို့ ပြန်လှည့်ခြင်းကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ အမိန့်တော်များကို လိုက်နာခြင်းကိုလည်းကောင်း၊ ပြုကြလေကုန်။)22
(စူရဟ် ဇုမရ် : အာယသ် 54)
အခက်အခဲ ဒုက္ခများမှ လွတ်ကင်းစေရန် တောင်းခံခြင်းသည် အိဗာဒသ်ဖြစ်ကြောင်းအထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ 5}
(အရှင်မြတ်ကိုသာလျှင် ကျွန်တော်မျိုးတို့ ကိုးကွယ်ဆည်းကပ်ခြင်းပြုပါ၏။ အရှင်မြတ်ထံတော်၌သာ ကျွန်တော်မျိုးတို့ အကူအညီများကို တောင်းခံကြပါ၏။)23
(စူရဟ် ဖာသိဟဟ် : အာယသ် 5)
ဟဒီးစ်တော်၌လာရှိသည်မှာ -
{إِذَا اسْتَعَنْتَ فَاسْتَعِنْ بِاللَّهِ}.
"သင်အကူအညီတောင်းခံမည်ဆိုပါက အလ္လာဟ်အ ရှင်မြတ်ကိုသာ အကူအညီအတောင်းခံပါလေ"24
ခိုလှုံခွင့်တောင်းခံခြင်းသည် အိဗာဒသ်ဖြစ်ကြောင်း အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{قُلْ أَعُوذُ بِرَبِّ النَّاسِ 1 مَلِكِ النَّاسِ 2} .
((အို-နဗီတမန်တော်) အသင်သည် (ဤသို့) လျှောက်ထား ပန်ကြားပါလေ။ ကျွန်တော်မျိုးသည် အကာအကွယ်ယူပါ၏။ လူခပ်သိမ်းတို့ကို ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်အားဖြင့်။ (1)
လူခပ်သိမ်းတို့၏ ဘုရင်မင်းမြတ်ဖြစ်တော်မူသော (အရှင်မြတ်အားဖြင့်)။ ( 2))25
အခက်အခဲ ဒုက္ခများမှ လွတ်ကင်းစေရန် တောင်းခံခြင်းသည် အိဗာဒသ်ဖြစ်ကြောင်း အထောက် အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{إِذْ تَسْتَغِيثُونَ رَبَّكُمْ فَاسْتَجَابَ لَكُمْ...}
(တစ်ခါတွင် အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်၌ ကူညီရန်တောင်းခံနေကြသည်။ ထို့နောက် အရှင်မြတ်သည် အသင်တို့၏ တောင်းခံမှုကို လက်ခံပြန်ကြားတော်မူခဲ့သည်။)26
(စူရဟ် အန်ဖားလ် : အာယသ် 9)
‘ဇဗဟ်’ပြုလှီးဖြတ်ခြင်းသည် အိဗာဒသ်ဖြစ် ကြောင်း အထောက်အထားမှာ - အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{قُلْ إِنَّ صَلَاتِي وَنُسُكِي وَمَحْيَايَ وَمَمَاتِي لِلَّهِ رَبِّ الْعَالَمِينَ 162 لَا شَرِيكَ لَهُ ۖ وَبِذَٰلِكَ أُمِرْتُ وَأَنَا أَوَّلُ الْمُسْلِمِينَ 163}
((အို- နဗီတမန်တော်) အသင်သည် (၎င်းတို့ အားတဖန်ဤသို့)ပြောကြားပါဦးလေ။ (အချင်းတို့)ငါ၏ ဆွလာသ်ဝတ်ပြုမှုသည်လည်းကောင်း၊ ငါ၏ (အခြားသော) ခဝပ်ကိုးကွယ်မှု(အပေါင်း)တို့သည်လည်းကောင်း၊ ငါ၏အသက်ရှင်ခြင်းသည်လည်းကောင်း၊ ငါ၏အသက်သေခြင်းသည်လည်းကောင်း၊ စကြဝဠာခပ်သိမ်းကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှစ်သက်တော်မူရန်သာလျှင် ဖြစ်သည်။ (162)
ထိုအရှင်မြတ်၌ တွဲဖက်ဟူ၍ အလျင်းမရှိချေ။ ငါသည် ဤသည်နှင့်စပ်လျဉ်း၍ပင် အမိန့်တော်ကိုရရှိခဲ့၏။ ၎င်းပြင် ငါသည် အမိန့်တော်ကိုလိုက်နာသူတို့တွင် ပထမဦးဆုံးပင် ဖြစ်ချေသတည်း။ (163)27 (စူရဟ် အန်အားမ် : အာယသ် 162-163)
စွန္နသ်တော်တွင် လာရှိသည်မှာ-
{لَعَنَ اللَّهُ مَنْ ذَبَحَ لِغَيْرِ اللَّهِ}.
အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာအတွက် ရည်စူး၍ ‘ဇဗဟ်’သားကောင် လှီးဖြတ်သူသည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ ကင်းဝေးပါစေ။28
‘နဇရ်’ကိုးခြင်းသည် အိဗာဒသ်ဖြစ်ကြောင်း အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{يُوفُونَ بِالنَّذْرِ وَيَخَافُونَ يَوْمًا كَانَ شَرُّهُ مُسْتَطِيرًا 7}
(ထို (ထူးကဲမြင့်မြတ်သော) ကျွန်တို့မှာ (မိမိတို့၏ နဇရ်) တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်လေ့ရှိကြသည့်ပြင်၊ အကြင်နေ့ကိုလည်း စိုးရိမ်ကြောက် ရွံ့လေ့ ရှိကြကုန်၏။ ထိုနေ့၏ ဘေးအန္တရာယ်မှာ ကျယ်ပြန့်စွာ ပြန်နှံ့လျက်ရှိပေမည်။)29 (စူရဟ် ဒဟ်ရ် : အာယသ် 7).
ဒုတိယ ဥပဒေသ။ အစ္စလာမ်သာသနာတော်ကို အထောက်အထားများနှင့်တကွ သိနားလည်ခြင်းဖြစ်သည်။
အစ္စလာမ်ဟူသည် အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းအား လက်ခံပြီး အရှင်မြတ်အား ယုံပုံအပ်နှံခြင်း၊ နှလုံးသားအတွင်းမှ လှိုက်လှိုက်လှဲလှဲ လက်ခံခြင်း၊ ‘ရှိရ်က်’မှ ကင်းစင်ခြင်းတို့ ဖြစ်သည်။ ၎င်းတွင် အဆင့်အတန်း (၃) မျိုးရှိသည်-
(၁) အစ္စလာမ် (၂) အီမာန် (၃) အိဟ်စာန် တို့ဖြစ်ပြီး အဆင့်အတန်း တစ်ခုချင်းစီတွင် မဏ္ဍိုင်များရှိသည်။
ပထမအဆင့်- အစ္စလာမ်
အစ္စလာမ်တွင် မဏ္ဍိုင်ကြီး (၅)ခု ရှိသည်- အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိကြောင်းနှင့် တမန်တော်မြတ် မုဟမ္မဒ် (ﷺ)သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဖြစ်ကြောင်း သက်သေခံခြင်း၊ ‘ဆွလာသ်’ ဆောက်တည်ခြင်း၊ ‘ဇကာသ်’ ပေးဆောင်ခြင်း၊ ‘ရမဿွန်’ လတွင် ‘ဆွိယာမ်’ ဥပုသ်စောင့်ထိန်းခြင်း၊ အလ္လာဟ်အရှင်မြတ်၏ အိမ်တော်သို့ သွားရောက် ‘ဟဂျ်’ ပြုခြင်းတို့ ဖြစ်သည်။
သက်သေခံခြင်း၏ အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{شَهِدَ اللَّهُ أَنَّهُ لَا إِلَٰهَ إِلَّا هُوَ وَالْمَلَائِكَةُ وَأُولُو الْعِلْمِ قَائِمًا بِالْقِسْطِ ۚ لَا إِلَٰهَ إِلَّا هُوَ الْعَزِيزُ الْحَكِيمُ 18}
(အလ္လာဟ်အရှင်မြတ်သည် မိမိမှတပါး အခြားခဝပ်ကိုးကွယ်ရာ အရှင်မရှိကြောင်း (မိမိကိုယ်တော်တိုင်) သက်သေခံတော်မူ၏။ ထိုနည်းတူစွာ၊ မလာအိကဟ်ကောင်းကင်တမန်များနှင့် ပညာရှင် သုခမိန်အ ပေါင်းတို့သည်လည်း (မိမိတို့၏ အကျင့်အမူများဖြင့် သက်သေခံခဲ့ကြလေပြီ)ထိုအရှင်မြတ်သည် တရားမျှတစွာ စီမံအုပ်ချုပ်လျက်ရှိတော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် ခဝပ်ကိုးကွယ်ရာ အရှင်ဖြစ်တော်မူ၍ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုး ကွယ်ရာအရှင်ဟူ၍ အလျင်းမရှိပြီ။ (ထိုအရှင်မြတ် သည်) တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ အကျိုးအကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင်တည်း။)30 (စူရဟ် အာလိအင်မ်ရားန် : အာယသ် 18) (لَا إلَهَ إِلَّا الله )၏ အဓိပ္ပါယ်မှာ “အလ္လာဟ်အရှင်မြတ်မှအပ စစ်မှန်သည့် ခဝပ်ကိုးကွယ်ရာအရှင် လုံးဝမရှိ”ဟူ၍ ဖြစ်သည်။ (لَا إلَهَ) သည် အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းခံရသည့် အရာတိုင်းကို ငြင်းပယ်ခြင်း ဖြစ်သည်။ (إلَّا الله) သည် တစ်ဆူတည်း ရှိတော်မူသော၊ ခဝပ်ကိုးကွယ်ခြင်း ခံထိုက်ရာတွင် ဖက်စပ်မှုအပေါင်းမှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းအတွက်သာ ခဝပ်ကိုး ကွယ်မှုကို အတည်ပြုခြင်းဖြစ်သည်။ ထိုအရှင်မြတ်၏ စိုးပိုင်မှုတွင် ဖက်စပ် ပါဝင်မည့်သူဟူ၍ အလျဥ်းမရှိပေ။ ၎င်းအဓိပ္ပါယ်အား ကျမ်းမြတ်ကုရ်အာန်တွင် ရှင်းလင်းတင်ပြထားသည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{وَإِذْ قَالَ إِبْرَاهِيمُ لِأَبِيهِ وَقَوْمِهِ إِنَّنِي بَرَاءٌ مِّمَّا تَعْبُدُونَ 26 إِلَّا الَّذِي فَطَرَنِي فَإِنَّهُ سَيَهْدِينِ 27 وَجَعَلَهَا كَلِمَةً بَاقِيَةً فِي عَقِبِهِ لَعَلَّهُمْ يَرْجِعُونَ 28}
(ထိုမှတစ်ပါး (ပြန်လည်သတိရရှိကြလေကုန်၊) တစ်ရံရောအခါဝယ် "တမန်တော်အိဗ်ရာဟီးမ်"သည် မိမိဖခင်အားလည်းကောင်း၊ မိမိအမျိုးသားအားလည်းကောင်း၊ "မုချဧကန် ငါသည် အသင်တို့ ဆည်း ကပ်ကိုးကွယ်ကြသည်တို့မှကင်းလွတ်၏"။ (26) အ ကြင် အရှင်မြတ်မှတစ်ပါး "(တစ်နည်း) သို့ရာတွင် (ငါသည်) အကြင်အရှင်မြတ်အားသာလျှင် (ဆည်း ကပ်ကိုးကွယ်၏)" ထိုအရှင်မြတ်သည် ငါ့အား ဖန်ဆင်းတော်မူခဲ့၏။တစ်ဖန် ထိုအရှင်မြတ်သည်ပင် ငါ့အား တရားလမ်းမှန်ကိုပြသတော်မူ၏။ (27)
ထိုမှတစ်ပါး ထိုအိဗ်ရာဟီးမ်သည် ယင်း("သောင်ဟီးဒ်"တည်းဟူသောအယူဝါဒ)ကို ထို (မက္ကဟ်မြို့သား၊ မုရှ်ရစ်က်)တို့ (အနာဂတ်ကာလ၌လည်း "သောင်ဟီးဒ်" ဘက်သို့ ပြန်လှည့်ကြအံ့သောငှာ မိမိနောက်တွင် ဆက်လက်တည်ရှိခဲ့သော စကားမွန်တစ်ရပ် ဖြစ်စေခဲ့၏။)31 (စူရဟ် ဇုခ်ရုဖ် : အာယသ် 26 - 27 - 28).
ထို့ပြင် အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်။
{قُلْ يَا أَهْلَ الْكِتَابِ تَعَالَوْا إِلَىٰ كَلِمَةٍ سَوَاءٍ بَيْنَنَا وَبَيْنَكُمْ أَلَّا نَعْبُدَ إِلَّا اللَّهَ وَلَا نُشْرِكَ بِهِ شَيْئًا وَلَا يَتَّخِذَ بَعْضُنَا بَعْضًا أَرْبَابًا مِّن دُونِ اللَّهِ ۚ فَإِن تَوَلَّوْا فَقُولُوا اشْهَدُوا بِأَنَّا مُسْلِمُونَ 64}
((အို -နဗီ) အသင်သည် (ယဟူဒီနှင့် နဆွ်ရာနီတို့အား) ပြောကြားပါလေ၊ အို-ကျမ်းဂန် ရရှိသူအပေါင်းတို့၊ အသင်တို့သည် အကျွန်ုပ်တို့နှင့် အသင်တို့ကြား၌ (အားလုံးလက်ခံထားသည့်) တူညီသော စကားဘက်သို့လာကြကုန်၊(ထိုစကားသည်ကား) ငါတို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သည့်အရာကိုမျှ မခဝပ်မကိုးကွယ်ခြင်း၊ ငါတို့သည် တစ်စုံတစ်ခုသော အရာကိုမျှ ထိုအရှင်မြတ်နှင့်တွဲဖက်ယှဉ်ဖက်ဟူ၍ မပြုခြင်း၊ ငါတို့အနက် အချို့သည်အလ္လာဟ်အရှင်မြတ်ကို ဖဲကြဉ်၍ အချို့သောသူများကို မွေးမြူတော်မူသော အရှင်များဟူ၍ မပြုလုပ်ခြင်း (ပင်တည်း)။ (ယင်းကဲ့သို့ ဖိတ်ခေါ်ပြီးသည့်နောက်သော်မှပင်) အကယ်၍ ထိုသူတို့သည် သွေဖည်ကျောခိုင်းသွားကြပါမူ (အို-မွတ်စ်လင်မ် အပေါင်းတို့) အသင်တို့က (ထိုသူတို့အား၊ အချင်းတို့) ကျွန်ုပ်တို့သည်(အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်များကို မုချနာခံသောမွတ်စ်လင်မ်များပင်ဖြစ်ကြောင်း အသင်တို့ ကိုယ်တိုင် သက်သေခံကြကုန်ဟု ပြောဆိုကြကုန်လော့။)32 (စူရဟ် အာလိအင်မ်ရားန် : အာယသ် 64)
မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဖြစ်ကြောင်း သက်သေခံခြင်းနှင့် ပတ်သက်သည့် အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{لَقَدْ جَاءَكُمْ رَسُولٌ مِّنْ أَنفُسِكُمْ عَزِيزٌ عَلَيْهِ مَا عَنِتُّمْ حَرِيصٌ عَلَيْكُم بِالْمُؤْمِنِينَ رَءُوفٌ رَّحِيمٌ 128}
(ဧကန်မလွဲ အသင်တို့အနက်မှပင် ရစူလ်တမန်တော်တစ်ပါးသည် အသင်တို့ထံ ရောက်ရှိလာခဲ့ချေပြီ။ အသင်တို့တွေ့ကြုံရသော ဒုက္ခသည် ထိုရစူလ်တမန်တော်၏အပေါ်၌ အလွန်ဝန်လေးလှသည်။ (၎င်းပြင် ထိုရစူလ်တမန်တော်သည်) အသင်တို့နှင့်ပတ်သက်၍ ကောင်းရာကောင်းကြောင်းများကိုသာ အာသာဆန္ဒ ပြင်းပြစွာ တပ်မက်သူဖြစ်၏။ (ထိုမှတစ်ပါး)'မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့နှင့်ပတ်သက်၍ အလွန်တရာနူးညံ့သိမ်မွေ့သူ၊ အလွန်တရာသနားကြင်နာသူတဦး(လည်း) ဖြစ်ချေသတည်း။) [ 33 ]33 (စူရဟ် သောင်ဗဟ် : အာယသ် 128) (مُحَمَّدٌ رَسُوْلُ الله) အပေါ်သက်သေခံခြင်း၏ အလိုသဘောမှာ တမန်တော်မြတ်(ﷺ) အမိန့်ပေးခဲ့သော အရာများကို လိုက်နာကျင့်သုံးခြင်း၊ တမန်တော်မြတ် (ﷺ) သတင်းပေး ပြောကြားချက်များကို ယုံကြည်ထောက်ခံခြင်း၊ တမန်တော်မြတ် (ﷺ) တားမြစ်ထားသည်တို့ကို ရှောင်ကြဉ်ခြင်းနှင့် တမန်တော်မြတ် (ﷺ)၏ ‘ရှရီအသ်’ တရားလမ်းစဥ်အ တိုင်း အလ္လာဟ်အရှင်မြတ်ကို ‘အိဗာဒသ်’ ပြုခြင်းတို့ဖြစ်သည်။
ဆွလာသ် ဝတ်ပြုခြင်း၊ ဇကာသ် ပေးဆောင်ခြင်းတို့နှင့် ပတ်သက်သည့် အထောက်အထားနှင့် ‘သောင်ဟီးဒ်’တရားတော်၏ အဓိပ္ပါယ်ရှင်းလင်းချက်များအကြောင်းကို ကျမ်းမြတ်ကုရ်အာန်တွင် မိန့်ကြားထားသည်မှာ-
{وَمَا أُمِرُوا إِلَّا لِيَعْبُدُوا اللَّهَ مُخْلِصِينَ لَهُ الدِّينَ حُنَفَاءَ وَيُقِيمُوا الصَّلَاةَ وَيُؤْتُوا الزَّكَاةَ ۚ وَذَٰلِكَ دِينُ الْقَيِّمَةِ 5}
(စင်စစ်သော်ကား ထိုသူတို့သည် ဆည်းကပ် ကိုး ကွယ်မှုကို အလ္လာဟ်အရှင်မြတ်အားသာလျှင် ရည် စူး၍ သန့်သန့်ပြုကြလျက် (မမှန်ကန်သော ဘာသာဝါဒ အသီးသီးတို့ကို နဗီတမန်တော်အီဗ်ရာဟီးမ်နည်းတူ စွန့်ကာ အလ္လာဟ်အရှင်မြတ်ဖက်သို့သာ လျှင်) အာရုံစူးစိုက်ကြလျက် ထိုအရှင်မြတ်အား ကိုးကွယ်ဆည်းကပ်ကြရန်လည်းကောင်း၊ ဆွလာသ်ဝတ်ပြုမှုကို ဆောက်တည်ကြရန်လည်းကောင်း၊ ဇကာသ်ပေးဆောင်ကြရန်လည်းကောင်း၊ အမိန့်ပေးတော်မူခြင်းကို ခံခဲ့ကြရသည်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ အမိန့်ပေးတော်မူခြင်း ခံခဲ့ကြရသည်မဟုတ်ပေ။ အမှန်သော်ကား ဤသည်သာလျှင် မှန်ကန်သူတို့၏လမ်းစဉ်တည်း။ (မှန်ကန်သောအကြောင်းများ၏ လမ်းစဉ်ပင်၊ တရားပင်၊ သာသနာပင်)34 စူရသ် ဗိုင်ယ်ယိနဟ် : အာယသ် (5)
ဆွိယာမ် ဥပုသ်စောင့်ထိန်းခြင်း၏ အထောက် အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်။
{يَا أَيُّهَا الَّذِينَ آمَنُوا كُتِبَ عَلَيْكُمُ الصِّيَامُ كَمَا كُتِبَ عَلَى الَّذِينَ مِن قَبْلِكُمْ لَعَلَّكُمْ تَتَّقُونَ 183}
(အို-မုအ်မင်န် ယုံကြည်ခြင်းသဒ္ဒါတရား ရှိကြကုန်သောသူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထက်အလျင်ရှိခဲ့ကြသော သူတို့အပေါ်ဝယ် ဥပုသ် သီတင်းဆောက်တည်ရန် ပညတ်တော်ကို ပြဋ္ဌာန်းတော်မူသကဲ့သို့ပင် အသင်တို့အပေါ် ၌လည်း ဥပုသ်သီတင်းဆောက်တည်ရန် အမိန့်တော်ကို ပြဋ္ဌာန်းအတည်ပြုတော်မူခဲ့လေပြီ။ သို့ (ဥပုသ်သီတင်းဆောက်တည်) မှသာလျှင် အသင်တို့သည် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာ၏။)35
(စူရဟ် ဘကရဟ် : အာယသ် 183)
ဟဂ်ျပြုလုပ်ခြင်း၏ အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်။
{...وَلِلَّهِ عَلَى النَّاسِ حِجُّ الْبَيْتِ مَنِ اسْتَطَاعَ إِلَيْهِ سَبِيلًا ۚ وَمَن كَفَرَ فَإِنَّ اللَّهَ غَنِيٌّ عَنِ الْعَالَمِينَ}
(တဖန် လူများအပေါ်ဝယ် တာဝန်ရှိသည်မှာ၊ အကြင် သူသည် ထိုအိမ်တော်သို့အရောက် ခရီးသွားရန်တတ်စွမ်းနိုင်ခဲ့ပါလျှင်၊ အလ္လာဟ်အရှင်မြတ် (နှစ်သက်တော်မူရန်)အတွက် ထိုအိမ်တော်သို့ သွားရောက် ဟဂျ်ပြုရန် (ထိုသူ့အပေါ် ၌) တာဝန်ရှိပေသည်။ သို့ရာတွင် အကြင်သူသည်(အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို) ငြင်းပယ်သည်ရှိသော် (အလ္လာဟ်အရှင်မြတ်၌ တစ်စုံတစ်ရာမျှနစ်နာ ဆုံးရှုံးမှုအလျင်း မရှိချေ၊) အဘယ်ကြောင့်ဟူမူ အလ္လာဟ်အရှင်မြတ်သည် မုချဧကန် စကြာဝဠာ အပေါင်းတို့အား လိုလားတောင့်တခြင်း ကင်းတော်မူသော အရှင်ဖြစ်တော်မူပေသတည်း။)36 (စူရဟ် အာလိအင်မ်ရားန် : အာယသ် 97)
ဒုတိယအဆင့် - အီမာန်
အီမာန်တွင် အကိုင်းအလက်ပေါင်း (၇၀) ကျော်ရှိပြီး ၎င်းတို့အနက် အမြင့်ဆုံးသည် ‘ကလိမဟ် သွိုင်ယိဗာဟ် (لَا إلهَ إلَّا الله) ကို မြွက်ဆိုခြင်းဖြစ်ပြီး အနိမ့်ဆုံးသည် လမ်းပေါ်၌ (လူတို့အား) ဒုက္ခရောက်စေမည့် အရာကို ဖယ်ရှားခြင်းဖြစ်သည်။ အရှက်တရားသည် အီမာန်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
အီမာန်၏ မဏ္ဍိုင်ကြီး (၆) ခုရှိသည်။ ၎င်းတို့မှာ - အလ္လာဟ်အရှင်မြတ်ကို လည်းကောင်း၊ အရှင်မြတ်၏ ကောင်းကင်တမန်များကို လည်းကောင်း၊ အရှင်မြတ်၏ ကျမ်းဂန်များကို လည်းကောင်း၊ အရှင်မြတ်၏ ရစူလ်တမန်တော်များကို လည်း ကောင်း၊ နောင်တမလွန် အာခိရသ်ကို လည်း ကောင်း၊ ‘သက်ဒီရ်’ အကောင်း၊အဆိုး ဟူသမျှကို အလ္လာဟ်အရှင်မြတ်ကသာ စီမံသတ်မှတ်တော်မူကြောင်းကိုလည်းကောင်း၊ သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။
ဤမဏ္ဍိုင်ကြီး (၆) ခုနှင့် ပတ်သက်သည့် အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်။
{لَّيْسَ الْبِرَّ أَن تُوَلُّوا وُجُوهَكُمْ قِبَلَ الْمَشْرِقِ وَالْمَغْرِبِ وَلَٰكِنَّ الْبِرَّ مَنْ آمَنَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَالْمَلَائِكَةِ وَالْكِتَابِ وَالنَّبِيِّينَ...}
(အရှေ့အရပ်ဘက်သို့သော်လည်းကောင်း၊ အနောက် အရပ်ဘက်သို့သော်လည်းကောင်း မျက်နှာမူခြင်းသည် (သာလျှင်) အသင်တို့အဖို့ကောင်းမြတ်သော အကျင့်သီလ မဟုတ်သေးပေ။ ကောင်းမြတ်သော သီလရှိသူ သီလဝန် ဂုဏဝန်တို့ ဟူသည်ကား အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ ကောင်းကင်တမန်များကို လည်း ကောင်း၊ (အလ္လာဟ်အရှင်မြတ်ထံမှကျရောက်သော) ကျမ်းဂန်များကိုလည်းကောင်း၊ နဗီတမန်တော်များကိုလည်း ကောင်း၊ ယုံကြည်မြတ်နိုးကြသော သူများတည်း။)37 (စူရဟ် ဘကရဟ် : အာယသ် 177).
သက္ကဒီးရ်နှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ် မိန့်ကြားထားသည်မှာ-
{إِنَّا كُلَّ شَيْءٍ خَلَقْنَاهُ بِقَدَرٍ 49}
(ဧကန်အမှန် ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ချင့်ချိန်၍ ဖန်ဆင်းတော်မူခဲ့သည်။)38
(စူရဟ် ကမရ် : အာယသ် 49).
တတိယအဆင့် - အိဟ်စာန် ၎င်းတွင် မဏ္ဍိုင် (၁)ခုရှိသည်။
၎င်းမှာ သင်သည် အလ္လာဟ်အရှင်မြတ်အား တွေ့မြင်နေရသည့်အလား ခဝပ်ကိုးကွယ်ခြင်းဖြစ် သည်။ အကယ်၍ သင်သည်အလ္လာဟ်အရှင်မြတ်အား မတွေ့မြင်နိုင်လျှင်လည်း ထိုအရှင်မြတ်သည် သင့်အား မုချမြင်နေတော်မူသည်ဟူသော အသိ တရားဖြင့် ခဝပ်ကိုးကွယ်ခြင်းဖြစ်သည်။ ၎င်း၏ အထောက်အထားမှာ - အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{إِنَّ اللَّهَ مَعَ الَّذِينَ اتَّقَوا وَّالَّذِينَ هُم مُّحْسِنُونَ 128}
(စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ပြစ်မှုဒုစရိုက်များမှ) ကြဉ်ရှောင်ကြကုန်သော သူတို့နှင့် အတူလည်းကောင်း၊ ကောင်းမြတ်သော အကျင့်သီလကို ကျင့်မူကြကုန်သောသူတို့နှင့်အတူလည်းကောင်း ရှိတော်မူပေသတည်း။)39
(စူရဟ် နဟလ် : အာယသ် 128)
ထို့ပြင် အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်။
{وَتَوَكَّلْ عَلَى الْعَزِيزِ الرَّحِيمِ 217 الَّذِي يَرَاكَ حِينَ تَقُومُ 218 وَتَقَلُّبَكَ فِي السَّاجِدِينَ219 إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ 220}
(ထိုမှတစ်ပါး အသင်သည် အလွန်တရာ အားအင်ပြည့်စုံတော်မူသော အလွန်တရာ သနားကရုဏာပြုတော်မူသော အရှင်မြတ်အပေါ်၌ ယုံပုံ အားထားပါလေ။ (217)
အကြင်အရှင်မြတ်သည် အသင်မတ်တတ်ရပ်သောအခါ အသင့်အား မြင်တော်မူ၏။ (218)
ထိုနည်းတူ (ထိုအရှင်မြတ်သည်) "ဆွလာသ်"ဝတ်ပြုသူတို့တွင် အသင်၏ ပါဝင်နေထိုင်သွားလာမှုကိုလည်း(မြင်တော်မူ၏)။ (219)
မလွဲဧကန် ထိုအရှင်မြတ်သည်သာလျှင် အလွန်တရာ ကြားတော်မူသောအရှင်၊ အလွန်တရာ သိတော်မူသောအရှင် ဖြစ်တော်မူ၏။)40
(စူရဟ် ရှုအရာအ်: အာယသ် 217- 220)
ထို့ပြင် အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်။
{وَمَا تَكُونُ فِي شَأْنٍ وَمَا تَتْلُو مِنْهُ مِن قُرْآنٍ وَلَا تَعْمَلُونَ مِنْ عَمَلٍ إِلَّا كُنَّا عَلَيْكُمْ شُهُودًا إِذْ تُفِيضُونَ فِيهِ...}
((အို- နဗီတမန်တော်) အသင်သည် မည်သည့်အ ခြေအနေ၌မဆို ရှိနေသည်ကိုလည်းကောင်း၊ ထိုအခြေ အနေတွင် အသင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်သရဇ္ဈယ်လျက် ရှိနေသည်ကိုလည်း ကောင်း၊ အသင်တို့သည် မည်သည့်အလုပ်မျိုးကိုမဆို ပြုလုပ်လျက် ရှိနေကြသည်ကိုလည်းကောင်း၊ အသင်တို့ ထိုကိစ္စကို အာရုံစိုက်၍ စတင်ဆောင်ရွက်ကြသောအချိန်အခါတွင် ငါအရှင်မြတ်သည် အသင်တို့အပေါ်ဝယ် အသိသက်သေ ဖြစ်တော်မူသည်သာတည်း။)41 (စူရဟ် ယူနွတ်စ် : အာယသ် 61)
ဟဒီးဆ်ဩဝါဒတော်တွင်လာရှိသည့် အထောက် အထားမှာ ကျော်ကြားသော ဟဒီးဆ်ဂျီဗ်ရီလ်ဖြစ်ပြီး ယင်းဩဝါဒတော်အား သာဝကကြီး
အုမရ် ဗင်န် ခသ်သွာဗ် (رضي الله عنه)က ဆင့်ပြန်ခဲ့သည်။
" ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ﷺ)၏ ထံပါးတွင် ရှိနေကြစဥ် ရုတ် တရက် ကျွန်ုပ်တို့ထံသို့ အဝတ်အစား ဖြူဖွေးပြီး ဆံပင် အလွန်မည်းနက်သော ပုဂ္ဂိုလ်တစ်ဦး ရောက်ရှိလာသည်။ ထိုပုဂ္ဂိုလ်၌ ခရီးသည်၏ လက္ခဏာ တစ်စုံတစ်ရာလည်း မတွေ့ရချေ။ ထိုပုဂ္ဂိုလ်အား ကျွန်ုပ်တို့အနက် တစ်ဦးတစ်ယောက်မျှလည်း မသိပေ။ ၎င်းနောက် ထိုပုဂ္ဂိုလ်သည် တမန်တော်မြတ် (ﷺ)၏ ရှေ့တွင် မိမိ၏ ဒူးနှစ်ဘက်ကို တမန်တော်မြတ် (ﷺ)၏ ဒူးနှစ်ဘက်နှင့် ထိ၍ထိုင်ကာ မိမိ၏ လက်နှစ်ဘက်ကို မိမိ၏ ပေါင်နှစ်ဘက်ပေါ်တွင်တင်ပြီး ထိုင်လိုက်သည်။ ထို့နောက် ထိုပုဂ္ဂိုလ်က “အို-မုဟမ္မဒ်။ အစ္စလာမ်နှင့် စပ်လျဥ်း၍ ကျွန်တော့်အား ပြောပြပါ”ဟု ပြောကြားသည်။ တမန်တော်မြတ် (ﷺ)က “အစ္စလာမ်ဟူသည် အလ္လာဟ်အရှင်မြတ်မှတပါး အခြားခဝပ်ကိုးကွယ်ခြင်း ခံထိုက်သောအရှင် မရှိကြောင်းနှင့် မုဟမ္မဒ်(ﷺ) သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဖြစ် ကြောင်း သက်သေခံခြင်း၊ ‘ဆွလာသ်’ ဆောက်တည်ခြင်း၊ ‘ဇကာသ်’ ပေးဆောင်ခြင်း၊ ‘ရမဿွန်’ လတွင် ‘ဆွိယာမ်’ ဥပုသ် စောင့်ထိန်းခြင်း၊ အလ္လာဟ်အရှင်မြတ်၏ အိမ်တော်သို့ ခရီးထွက်နိုင်လျှင် သွား ရောက် ‘ဟဂျ်’ ပြုခြင်းတို့ ဖြစ်သည်။”ဟု မိန့်ကြားတော်မူလိုက်သည်။ ထိုအခါ ၎င်းပုဂ္ဂိုလ်က “သင် အမှန်အတိုင်း ပြောဆိုသည်” ဟူ၍ ထောက်ခံ ပြောဆိုခဲ့သည်။ ထိုအခါ ကျွန်ုပ်တို့သည် ထိုပုဂ္ဂိုလ်နှင့် ပတ်သက်၍ ၎င်းသည် တမန်တော်မြတ် (ﷺ) အား မေးမြန်း၍ တမန်တော်မြတ်အားထောက် ခံသည်ကို အံ့ဩမိကြသည်။
၎င်းနောက် ထိုပုဂ္ဂိုလ်က “ကျွန်တော့်အား ‘အီမာန်’ နှင့် စပ်လျဥ်း၍ ပြောပြတော်မူပါ”ဟု ပန်ကြားရာ တမန်တော်မြတ် (ﷺ) က “အီမာန်ဟူသည် အသင်သည် အလ္လာဟ်အရှင်မြတ်အား လည်းကောင်း၊ ထိုအရှင်မြတ်၏ ကောင်းကင်တမန်များအား လည်း ကောင်း၊ ထိုအရှင်မြတ်၏ တမန်တော်များအား လည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်း ကောင်း၊‘ သက်ဒီရ်’ အကောင်း၊အဆိုး ဟူသမျှကို အလ္လာဟ်အရှင်မြတ်ကသာ စီမံခန့်ခွဲတော်မူခြင်းအပေါ် သက်ဝင်ယုံကြည်ခြင်း”ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။ ၎င်းနောက် ထိုပုဂ္ဂိုလ်က တမန်တော်မြတ် (ﷺ)အား “အိဟ်စာန် နှင့် စပ်လျဥ်း၍ ပြောပြတော်မူပါ”ဟု ပြောကြားရာ တမန်တော်မြတ် (ﷺ) က “အသင်သည် အလ္လာဟ်အရှင်မြတ်အား တွေ့မြင်နေသည့်အလား ခဝပ်ကိုးကွယ်ရမည်။ အကယ်၍ အသင်သည် ထိုအရှင်မြတ်အား မမြင်တွေ့နိုင်ပါလျှင် ထိုအရှင်မြတ်သည် အသင့်အား မုချ မြင်နေတော်မူသည်ဟု မှတ်ယူကာ ခဝပ်ကိုးကွယ်ရမည်။”ဟု ဖြေကြားတော်မူသည်။ ထိုပုဂ္ဂိုလ်က ကျွန်တော့်အား “ကိယာမသ် နောက်ဆုံးနေ့နှင့် စပ်လျဥ်း၍ ပြောပြတော်မူပါ”ဟု ပြောကြားရာ တမန်တော်မြတ်က “အမေးခံရသူသည် မေးသူထက် ပို၍မသိပါ”ဟု ဖြေကြားတော်မူသည်။ ထို့နောက် ထိုပုဂ္ဂိုလ်က “ကျွန်တော်အား ‘ကိယာမသ်’၏ နိမိတ်လက္ခဏာများကို ပြောပြတောမူပါ”ဟု ပြောကြားရာ တမန်တော်မြတ်(ﷺ)က “ကျွန်မိန်းမသည် မိမိ၏ သခင်မအား မွေးဖွားမည်ကို အသင်တွေ့မြင်ရမည်။ ဖိနပ်မရှိသော၊ ဝတ်လစ်စလစ် ဖြစ်သော၊ ဆင်းရဲနွမ်းပါးသော၊ ဆိတ်ကျောင်းသောသူများသည် ကြီးကျယ်ခမ်းနားသော တိုက်တာ ဂေဟာများတွင် မောက်မာ ကြွားဝါနေကြမည်”ဟု မိန့်ကြားတော်မူသည်။ အုမရ် (رضي الله عنه) က ပြောပြသည်မှာ- “ထို့နောက် ထိုပုဂ္ဂိုလ်သည် ပြန်သွားလေသည်။ ကျွန်ုပ်တို့သည် အချိန်အနည်းငယ်နေခဲ့ကြသည်။ ထို့နောက် တမန်တော်မြတ် (ﷺ)က ကျွန်ုပ်အား “အို-အုမရ်၊ မေးမြန်းသူသည် မည်သူဖြစ်ကြောင်း အသင်တို့ သိပါသလား”ဟု မေးတော်မူရာ ကျွန်တော်တို့က “အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်သည်သာ အသိဆုံး ဖြစ်ပါသည်”ဟု ဖြေကြားခဲ့သည်။ တမန်တော်မြတ် (ﷺ) က “ထိုမေးမြန်းသူကား ကောင်းကင်တမန် ဂျီဗ်ရီလ် (عليه السلام) ပင်ဖြစ်သည်။ အသင်တို့အား အသင်တို့၏ သာသနာကို သင်ကြားပြသရန် အသင်တို့ထံ လာရောက်ခြင်း ဖြစ်သည်”ဟု မိန့်ကြားတော်မူသည်။”42
တတိယ ဥပဒေသ။ ။အသင်တို့၏ နဗီတမန်တော် မုဟမ္မဒ်(ﷺ) ကို သိရှိခြင်း။
ထိုတမန်တော်သည် ဟာရှင်မ်၏ မြစ်တော် အဗ္ဗဒုလ်မုသ်သွလိဗ်၏ မြေးတော်၊ အဗ်ဒုလ္လာဟ်၏ သားတော် မုဟမ္မဒ် (ﷺ) ဖြစ်သည်။ ‘ဟာရှင်မ်’ သည် ‘ကုရိုက်ရှ်’ မျိုးနွယ်မှ ဖြစ်ပြီး ‘ကုရိုက်ရှ်’သည် အရဗ်လူ မျိုးတို့အနက်မှ ဖြစ်၍ အရဗ်တို့သည် တမန်တော် အိဗ်ရာဟီး
မ် ခလီလွလ္လာဟ် (عليه السلام) ၏ သားတော် အစ္စမာအိလ် (عليه السلام) ၏ သားစဥ်မြေးဆက်မှ ပေါက်ဖွားလာကြသူများ ဖြစ်ကြသည်။ ကျွန်ုပ်တို့၏ နဗီတမန်တော်မြတ်အပေါ် အလ္လာဟ်အရှင်မြတ်ထံတော်မှ ငြိမ်းချမ်းသာယာမှုအပေါင်း ကျရောက်ပါစေ။
တမန်တော်မြတ် (ﷺ)၏ သက်တော်သည် (၆၃) နှစ်ဖြစ်ပြီး ‘နဗူဝသ်’ မရခင် သက်တမ်းမှာ နှစ်(၄၀) ဖြစ်ပြီး ‘နဗူဝသ်’ရပြီးနောက် နဗီ၊ ရစူလ်အဖြစ် နေထိုင်ခဲ့သည့် သက်တမ်းမှာ (၂၃) နှစ် ဖြစ်သည်။ (اقرأ)ဟူသော အာယသ်တော်ဖြင့် နဗီအဖြစ် ချီးမြှင့်ခြင်းခံရပြီး (المُدَّثِّر) ဟူသော စူရဟ်ဖြင့် ရစူလ်အဖြစ် ချီးမြှင့်ခြင်းခံရသည်။ တမန်တော်မြတ်၏ မွေးရပ်ဇာတိသည် မက္ကဟ်ရွှေ မြို့တော်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် တ မန်တော်မြတ် (ﷺ)ကို ‘ရှိရ်က်’ ကိစ္စရပ်များမှ ခြိမ်း ခြောက် သတိပေးနှိုးဆော်ရန်နှင့် ‘သောင်ဟီးဒ်’ တရားတော်ဘက်သို့ ဖိတ်ခေါ်ရန် စေလွှတ်တော်မူခဲ့သည်။ ၎င်း၏အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{يَا أَيُّهَا الْمُدَّثِّرُ 1 قُمْ فَأَنذِرْ 2 وَرَبَّكَ فَكَبِّرْ 3 وَثِيَابَكَ فَطَهِّرْ 4 وَالرُّجْزَ فَاهْجُرْ5 وَلَا تَمْنُن تَسْتَكْثِرُ 6 وَلِرَبِّكَ فَاصْبِرْ 7}
(အို-စောင်ခြုံထားသူ။ (1)
အသင်သည် ထပြီးလျှင် (ကာဖိရ် သွေဖည် ငြင်းပယ်သောသူတို့အား) သတိပေးနှိုးဆော်ပါလေ။ (2)
၎င်းပြင် အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် ကြီးကဲမြင့်မြတ်တော်မူကြောင်း ချီးကျူးမြွက်ဆိုပါလေ။ (3)
၎င်းပြင် အသင်သည် မိမိအဝတ်များကို (အညစ် အကြေးတို့မှ) စင်ကြယ်သန့်ရှင်းစေပါလေ။ (4)
ထို့ပြင်အသင်သည် ရုပ်တုများမှ လွတ်ကင်းစွာနေပါလေ။ (5)
ထို့ပြင် အသင်သည် (တစ်စုံတစ်ဦးအား) ပိုမိုရလိုသောအားဖြင့် (တစ်စုံတစ်ရာ)ပေးကမ်းခြင်းကို မပြုပါလေနှင့်။ (6)
ထိုမှတစ်ပါး အသင်သည် အသင့်အား ဖန်ဆင်းမွေး မြူတော်မူသော အရှင်မြတ် (ကျေနပ်မှု)ကို ရည်စူး ၍ သည်းခံခြင်းတရားထားရှိပါလေ။ (7))43 (စူရဟ် မွတ်ဒတ်စိရ် : အာယသ် 1 - 7)
(قُمْ فَأَنذِرْ) ၏ အလိုသဘောမှာ ကိုယ်တော်မြတ်သည် ‘ရှိရ်က်’နှင့် ပတ်သက်၍ သတိပေးနှိုးဆော်ပြီး ‘သောင်ဟီးဒ်’တရားတော်ဘက်ကို ဖိတ်ခေါ်ရမည်။ (وَرَبَّكَ فَكَبِّرْ) ၏ အလိုသဘောမှာ သင့်အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်အား သောင်ဟီးဒ်ဖြင့် ကြီးကျယ်မြင့်မြတ်ကြောင်း ချီးကျူး မြွက်ဆိုပါ။ (وَثِيَابَكَ فَطَهِّرْ) ၏ အလိုသဘောမှာ အသင်၏ ကျင့်ဆောင်မှုများကို ‘ရှိရ်က်’ အညစ်အကြေးမှ သန့်ပြန့်စင်ကြယ်စေပါ။ (وَالرُّجْزَ فَاهْجُرُ) ၏ အလိုသဘောမှာ وَالرُّجْزَ သည် ရုပ်တုကို ဆိုလိုသည်။ ထို့ကြောင့် အသင်သည် ရုပ်တုများမှ ကင်းရှင်းစွာနေပါ။ ၎င်းရုပ်တုများကို ကိုးကွယ်ကြသူများမှလည်း ကင်းရှင်းစွာနေပါ။
တမန်တော်မြတ်(ﷺ)သည် (၁၀) နှစ်တိုင် ‘သောင်ဟီးဒ်’ တရားတော်ဘက်သို့ ‘ဒအ်ဝသ်’ပေး ဖိတ်ခေါ်ခဲ့သည်။ (၁၀) နှစ်ကျော်လွန်ပြီး နောက်ပိုင်းတွင် မိုးကောင်းကင်ပေါ်သို့ ခေါ်ဆောင်ခြင်းခံရပြီး ‘ဆွလာသ်’ (၅) ကြိမ်ကို ‘ဖရ်ဿွ်’အဖြစ် သတ်မှတ် ပြဌာန်းခြင်းခံရသည်။ တမန်တော်မြတ်(ﷺ)သည် မက္ကဟ် ရွှေမြို့တော်တွင် ‘ဆွလာသ်’ကို (၃)နှစ်တိုင် ဆောက်တည်ခဲ့ပြီးနောက် မဒီနဟ်ရွှေမြို့တော်သို့ ‘ဟိဂျရသ်’ ရွှေပြောင်းရန် အမိန့်ပေးခြင်းခံရသည်။ ‘ဟိဂျ်ရသ်’ဆိုသည်မှာ ကာဖိရ် မုရှ်ရိက်နိုင်ငံမှ အစ္စလာမ်နိုင်ငံသို့ ရွှေ့ပြောင်းခြင်းကို ခေါ်သည်။ ကာဖိရ် မုရှ်ရိက်နိုင်ငံမှ အစ္စလာမ်နိုင်ငံသို့ ရွှေ့ပြောင်းရန် ဤအွမ်မသ်ပေါ်တွင် ဖရ်ဿ်ွတာဝန်ဖြစ်သည်။ ဤအမိန့်သည် ‘ကိယာမသ်’နေ့အထိ ရှိနေမည်ဖြစ်သည်။
၎င်း၏အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{إِنَّ الَّذِينَ تَوَفَّاهُمُ الْمَلَائِكَةُ ظَالِمِي أَنفُسِهِمْ قَالُوا فِيمَ كُنتُمْ ۖ قَالُوا كُنَّا مُسْتَضْعَفِينَ فِي الْأَرْضِ ۚ قَالُوا أَلَمْ تَكُنْ أَرْضُ اللَّهِ وَاسِعَةً فَتُهَاجِرُوا فِيهَا ۚ فَأُولَٰئِكَ مَأْوَاهُمْ جَهَنَّمُ ۖ وَسَاءَتْ مَصِيرًا 97 إِلَّا الْمُسْتَضْعَفِينَ مِنَ الرِّجَالِ وَالنِّسَاءِ وَالْوِلْدَانِ لَا يَسْتَطِيعُونَ حِيلَةً وَلَا يَهْتَدُونَ سَبِيلًا 98 فَأُولَٰئِكَ عَسَى اللَّهُ أَن يَعْفُوَ عَنْهُمْ ۚ وَكَانَ اللَّهُ عَفُوًّا غَفُورًا 99}
(ဧကန်စင်စစ် အကြင်သူတို့သည် မိမိတို့ကိုယ်ကိုနှိပ်စက်နေကြစဉ် ‘မလာအိကဟ်’ ကောင်းကင်တမန်တို့သည် ထိုသူတို့၏အသက်ဇီဝိန်ကို နှုတ်ခဲ့ကြကုန်အံ့။ (ထိုကဲ့သို့သောသူတို့အား) ယင်း ‘မလာအိကဟ်’ ကောင်းကင်တမန်တော်တို့က (ဤသို့) စစ်ဆေးမေးမြန်းကြကုန်အံ့။ “အသင်တို့သည် မည်သည့်ကိစ္စမျိုး၌ ပါဝင်ဆောင်ရွက်ခဲ့ကြသနည်း။ မည်သည့်အဖြစ်မျိုး၌ ရှိခဲ့ကြသနည်း။” (ထိုအခါ) ၎င်းတို့က (ဤသို့) ဖြေကြားကြလတ္တံ့။ “ကျွန်တော်မျိုးတို့သည် (ထို) တိုင်းပြည်ဒေသ၌ ဖိနှိပ်ချုပ်ချယ်မှု ခံနေရသူများဖြစ်ခဲ့ကြပါ၏။” (တစ်ဖန်) ထို‘မလာအိကဟ်’ ကောင်းကင်တမန်တို့က (ဤသို့) ပြန်ပြောကြကုန်အံ့။ “(အသင်တို့ ရွှေ့ပြောင်းနေထိုင်ကြရန်အလို့ငှာ) အလ္လာဟ်အရှင်မြတ်၏ ပထဝီမြေပြင်သည် ကျယ်ဝန်းစွာရှိသည်မဟုတ်လော။ သို့ဖြစ်ရာ အသင်တို့သည် ထိုပထဝီမြေပြင်ဝယ် ရွှေ့ပြောင်း (နေထိုင်) နိုင်ကြ၏။ သို့ (ရွှေ့ပြောင်းနေထိုင်နိုင်ကြပါလျက် ရွှေ့ပြောင်းနေထိုင်ခြင်း မပြုကြသည့်) အတွက်ကြောင့် ထိုကဲ့သို့သောသူတို့၏ဌာနသည် ‘ဂျဟန္နမ်’ ငရဲဘုံပင်ဖြစ်၏။ အမှန်သော်ကား ထိုဂျဟန္နမ်ငရဲဘုံသည် အလွန်ဆိုးဝါးလှသော နေရာထိုင်ခင်းပင်ဖြစ်ချေသတည်း။ (97)
သို့ရာတွင် အင်အားချည့်နဲ့ မစွမ်းမသန်သော အကြင်ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်တို့သည် (ဟစ်ဂျ်ရသ်ပြုလုပ်ရန်အတွက်) မည်သည့်အကြံအစည်ကိုမျှ မတတ်စွမ်းနိုင်ကြအံ့။ ၎င်းပြင် မည်သည့်လမ်းကိုမျှလည်း မတွေ့ရှိကြအံ့။ (98)
ယင်းသို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုကဲ့သို့သောသူတို့အား မကြာမြင့်မီ ခွင့်လွှတ်တော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ် သည် အလွန်တရာမျှ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသ တည်း။ (99))44
(စူရဟ် နိစာအ် : အာယသ် 97 - 99)
ထို့ပြင် အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်။
{يَا عِبَادِيَ الَّذِينَ آمَنُوا إِنَّ أَرْضِي وَاسِعَةٌ فَإِيَّايَ فَاعْبُدُونِ 56}
(အို- မုအ်မင်န် သက်ဝင်ယုံကြည်ကြကုန်သော ငါအ ရှင်မြတ်၏ ကျွန်အပေါင်းတို့၊ ဧကန်စင်စစ် ငါအရှင်မြတ်၏ ကမ္ဘာမြေသည် လွန်စွာကျယ်ဝန်းလှပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ငါအရှင်မြတ် အားသာ ဆည်းကပ်ကိုးကွယ်ကြလေကုန်။)45 (စူရဟ် အန်ကဗူးသ် : အာယသ် 56)
အိမာမ် ဗဂဝီ (رحمه الله) က ဤအာယသ်တော်သည် မက္ကဟ်မြို့ရှိ ‘ဟိဂျ်ရသ်’ မပြုခဲ့ကြသော မွတ်စ်လင်မ်များနှင့် ပတ်သက်ပြီး ကျရောက်ခဲ့ကြောင်း တင်ပြထားသည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ‘အီမာန်’ဟူသော အ မည်နှင့်ပင် ခေါ်ဝေါ်ခဲ့သည်။
ဟိဂ်ျရသ်နှင့်ပတ်သက်၍ တမန်တော်မြတ်(ﷺ)၏ ဟဒီးဆ်ဩဝါဒတော်တွင် လာရှိသည့်အထောက် အထားမှာ- တမန်တော်မြတ်(ﷺ) မိန့်ကြားတော်မူသည်။
{لَا تَنْقَطِعُ الهِجْرَةُ حَتَّى تَنْقَطِعَ التَّوْبَةُ، وَلَا تَنْقَطِعُ التَّوْبَةُ حَتَّى تَطْلُعَ الشَّمْسُ مِنْ مَغْرِبِهَا}.
“သောင်ဗဟ်ပြုခွင့် မပိတ်သေးသမျှ ‘ဟိဂျ်ရသ်’လည်း ရှိနေမည်ဖြစ်သည်။ ‘သောင်ဗဟ်’ပြုခွင့်သည် အနောက်အရပ်မှ နေထွက်ပေါ်လာသည်အထိ ရှိနေမည်ဖြစ်သည်။"46 တမန်တော်မြတ်(ﷺ)သည် မဒီနဟ်ရွှေမြို့တော်တွင် အခြေချနေထိုင်ပြီးနောက်တွင် အစ္စလာမ်သာသနာတော်၏ ကျန်ရှိနေသည့် အမိန့်ပညတ်ချက်များဖြစ်သည့် ‘ဇကာသ်’၊ ‘ဆွိယာမ်’၊ ‘ဟဂျ်’၊ ‘ဂျိဟာဒ်’၊ ‘အဇာန်’၊ ‘ကောင်းရာကို ညွှန်ကြားခြင်းနှင့် မကောင်းမှုကို တားမြစ်ခြင်း’ စသည်တို့အပြင် အခြားသော ‘ရှရီအသ်’ တရားတော်၏ အမိန့်ပညတ်ချက်များ ကို အမိန့်ပေးခြင်းခံရသည်။ တမန်တော်မြတ် (ﷺ) သည် ဤအမိန့်ပညတ်ချက်များအပေါ် (၁၀)နှစ်တိုင် လက်တွေ့ ကျင့်သုံးပြသခဲ့သည်။
ထို့နောက် ‘ဝဖါးသ်’ဖြစ် ကွယ်လွန်တော်မူခဲ့သည်။ (တမန်တော်မြတ်အပေါ် အလ္လာဟ်အရှင်မြတ်ထံတော်မှ ကောင်းချီးမင်္ဂလာနှင့် ငြိမ်းချမ်းသာယာမှု ကျရောက်ပါစေ။) သို့သော် တမန်တော်မြတ်(ﷺ) ယူဆောင်လာသော သာသနာတော်မှာ ကျန်ရှိခဲ့သည်။ ဤသည် တမန်တော်မြတ် (ﷺ) ယူဆောင်လာသည့် သာသနာဖြစ်သည့်အလျောက် တမန်တော်မြတ်(ﷺ) သည် အွမ္မသ်သားများအား မည်သည့်ကောင်းမှု တစ် စုံတစ်ရာကိုမျှ ချန်လှပ်ထားခြင်း မရှိဘဲ ပြည့်စုံစွာ ညွှန်ကြားပြသခဲ့သည်။ ထို့အတူ မည်သည့်မကောင်း မှု အကုသိုလ် တစ်စုံတစ်ရာကိုမျှ ချန်လှပ်ထားခြင်းမရှိဘဲ အွမ္မသ်သားများကို သတိပေးခြိမ်းခြောက် နှိုးဆော်ခဲ့သည်။ တမန်တော်မြတ်(ﷺ)ညွှန်ကြားပြသခဲ့သော ကောင်း မှုများမှာ ‘သောင်ဟီးဒ်’တရားတော်နှင့် အလ္လာဟ်အ ရှင်မြတ် ကျေနပ်နှစ်သက် သဘောတူတော်မူသော ကိစ္စရပ်များအားလုံးဖြစ်သည်။ တမန်တော်မြတ် (ﷺ) သတိပေးခြိမ်းခြောက် နှိုးဆော်ခဲ့သော မ ကောင်းမှု အကုသိုလ်များမှာ ‘ရှိရ်က်’နှင့် အလ္လာဟ်အရှင်မြတ် မနှစ်သက်သော၊ တားမြစ်ထားသော ကိစ္စရပ်အားလုံး ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ်(ﷺ) ကို လူသားထုတစ်ရပ်လုံးအတွက် တမန်တော်အဖြစ် စေလွှတ်တော်မူခဲ့သည်။ တမန်တော်မြတ်(ﷺ) ၏ အမိန့်နာခံခြင်းကို ဂျင်န်နှင့် ‘အင်စာန်’ လူသားအား လုံးတို့အပေါ်တွင် ‘ဖရ်ဿွ်’ တာဝန်အဖြစ် သတ်မှတ်တော်မူထားသည်။ ၎င်း၏အထောက်အထားမှာ-အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{قُلْ يَا أَيُّهَا النَّاسُ إِنِّي رَسُولُ اللَّهِ إِلَيْكُمْ جَمِيعًا...}
((အို-နဗီတမန်တော်) အသင်သည် (လူခပ်သိမ်းတို့အားဤသို့) ပြောကြားပါလေ။ အို-လူသားအပေါင်းတို့၊ ငါသည် ဧကန်စင်စစ် အသင်တို့အားလုံးထံ အ ကြင်အလ္လာဟ်အရှင်မြတ်အထံတော်မှ်စေလွှတ်ခြင်းခံရသော ရစူလ်တမန်တော်ပင်ဖြစ်ပေသည်။)47 (စူရဟ် အအ်ရားဖ် : အာယသ် 158) အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်(ﷺ) ဖြင့် အစ္စလာမ်သာသနာ တစ်ခုလုံးကို ပြည့်စုံစေခဲ့သည်။
၎င်း၏အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{...الْيَوْمَ أَكْمَلْتُ لَكُمْ دِينَكُمْ وَأَتْمَمْتُ عَلَيْكُمْ نِعْمَتِي وَرَضِيتُ لَكُمُ الْإِسْلَامَ دِينًا...}
(ယနေ့သော်ကား ငါအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ‘ဒီန်’ သာသနာကို ပြည့်စုံစေတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် မိမိ၏ ကျေးဇူးတော်များကို အသင်တို့အဖို့ အပြည့်အစုံ ချီးမြှင့်ပေးသနားတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် အစ္စလာမ်သာသနာကို အသင်တို့အဖို့ ‘ဒီန်’သာသနာတော်အဖြစ် သဘောတူနှစ်မြို့တော်မူခဲ့လေပြီ။)48 (စူရဟ် မာအိဒဟ် : အာယသ် 3)
တမန်တော်မြတ် (ﷺ) ‘ဝဖါးသ်’ ဖြစ် ကွယ်လွန်တော်မူမည့်အကြောင်းနှင့် ပတ်သက်သည့် အထောက် အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{إِنَّكَ مَيِّتٌ وَإِنَّهُم مَّيِّتُونَ 30 ثُمَّ إِنَّكُمْ يَوْمَ الْقِيَامَةِ عِندَ رَبِّكُمْ تَخْتَصِمُونَ 31}
((အို - နဗီတမန်တော်) ဧကန်မလွဲ အသင်သည်လည်း သေဆုံးရအံ့သောသူဖြစ်၏။ ထိုနည်းတူစွာ ၎င်းတို့သည်လည်း ဧကန်အမှန် သေဆုံးကြရအံ့သော သူများပင်။ (30)
ထို့နောက် အသင်တို့သည် "ကိယာမသ်" ရှင်ပြန်ထမည့်နေ့တွင် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် ဧကန်အမှန် အငြင်းအခုံ ပြုကြကုန်အံ့သတည်း။)49 (စူရဟ် ဇုမရ် : အာယသ် 30 - 31) လူသားများသည် ကွယ်လွန်သေဆုံးပြီးနောက် တစ်ဖန် ပြန်လည် ရှင်ပြန်ထရမည်ဖြစ်သည်။ ၎င်း၏အ ထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{مِنْهَا خَلَقْنَاكُمْ وَفِيهَا نُعِيدُكُمْ وَمِنْهَا نُخْرِجُكُمْ تَارَةً أُخْرَىٰ 55}
(ယင်းပထဝီမြေကြီးမှပင် ငါအရှင်မြတ်သည်အ သင်တို့အား ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ယင်းပထဝီမြေကြီး၌ပင် ငါအရှင်မြတ်သည် (အ သင်တို့အားတစ်ဖန်ပြန်လည်၍ ရောက်စေတော်မူပေမည်။ ထိုမှတစ်ပါး ယင်းပထဝီမြေကြီးမှပင် ငါအရှင်မြတ်သည် အသင်တို့အား ဒုတိယအကြိမ် ထွက်စေတော်မူအံ့သတည်း။)50
(စူရဟ် သွာဟာ : အာယသ် 55)
ထို့ပြင် အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်။
{وَاللَّهُ أَنبَتَكُم مِّنَ الْأَرْضِ نَبَاتًا 17 ثُمَّ يُعِيدُكُمْ فِيهَا وَيُخْرِجُكُمْ إِخْرَاجًا 18}
(ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အထူးနည်းမျိုးနှင့် မြေဖြင့် ဖန်ဆင်းတော်မူခဲ့၏။ (17)
ထို့နောက်တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား ယင်းပထဝီမြေထဲသို့ပင် ပြန်ရောက်စေတော်မူပေမည်။ ထို့နောက်တစ်ဖန် အသင်တို့အား (ယင်းမြေထဲမှ) အပြင်သို့ ထွက်စေတော်မူပေမည်။ (18))51
(စူရဟ် နူးဟ် : အာယသ် 17 - 18)
ထိုသို့ ပြန်လည်ရှင်ပြန်ထပြီး နောက်တွင် စစ်ဆေးမေးမြန်းခြင်းခံရမည် ဖြစ်ပြီး မိမိတို့ ပြုလုပ်ခဲ့သည့် လုပ်ဆောင်ချက်များအတွက် ပြန်လည် အစားပေးခြင်းခံရမည်။ ၎င်း၏အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ لِيَجْزِيَ الَّذِينَ أَسَاءُوا بِمَا عَمِلُوا وَيَجْزِيَ الَّذِينَ أَحْسَنُوا بِالْحُسْنَى 31}
(ထိုမှတစ်ပါး မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများသာလျှင် ဖြစ်ကြကုန်၏။ နောက် ဆုံးတွင် ထိုအရှင်မြတ်သည် ဒုစရိုက်မှုကို ကျူးလွန်ခဲ့ကြသောသူတို့အား ၎င်းတို့ ကျူးလွန်ခဲ့ကြသည်၏ အကျိုးကိုပေးတော်မူအံ့၊ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် ကောင်းမှု ပြုခဲ့ကြသောသူတို့အား ကောင်းမြတ်သောအကျိုးကို ပေးတော်မူအံ့။)52
(စူရဟ် နဂ်ျမ် : အာယသ် 31)
မည်သူမဆို သေဆုံးပြီးနောက် တစ်ဖန် ပြန်လည်ရှင်ပြန်ထရမည်ကို ငြင်းပယ်လျှင် ‘ကုဖ်ရ်’ထိုက်သည်။ ၎င်း၏အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{زَعَمَ الَّذِينَ كَفَرُوا أَن لَّن يُبْعَثُوا ۚ قُلْ بَلَىٰ وَرَبِّي لَتُبْعَثُنَّ ثُمَّ لَتُنَبَّؤُنَّ بِمَا عَمِلْتُمْ ۚ وَذَٰلِكَ عَلَى اللَّهِ يَسِيرٌ 7}
(ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့က ၎င်းတို့သည် အလျှင်းရှင်ပြန်ထကြရမည် မဟုတ်ဟူ၍ ထင်မြင်ပြောဆိုခဲ့ကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) အ ဘယ်ကြောင့် မဟုတ်သနည်း။ ငါ့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်အား တိုင်တည် ၍(ပြောအံ့)၊ ဧကန်မလွဲ အသင်တို့သည် ရှင်ပြန်ထကြရပေမည်။ ထို့နောက် ဧကန်မုချ အသင်တို့သည် မိမိတို့ကျင့်မူခဲ့သမျှတို့ကို သိစေခြင်းခံကြရမည်။ စင်စစ်သော်ကား ဤသည် အလ္လာဟ်အရှင်မြတ်အဖို့ လွန်စွာလွယ်ကူလှ၏။)53 (စူရဟ် သဂါဗွန် : အာယသ် 7) အလ္လာဟ်အရှင်မြတ်သည် ရစူလ်တမန်တော်အားလုံးကို သတင်းကောင်းပေးသူများ၊ သတိပေး ခြိမ်း ခြောက်နှိုးဆော်သူများအဖြစ် စေလွှတ်တော်မူခဲ့သည်။ ၎င်း၏အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{رُّسُلًا مُّبَشِّرِينَ وَمُنذِرِينَ لِئَلَّا يَكُونَ لِلنَّاسِ عَلَى اللَّهِ حُجَّةٌ بَعْدَ الرُّسُلِ...}
((ငါအရှင်မြတ်သည်) ရစူလ်တမန်တော်များအား ဝမ်းမြောက်ဖွယ်ရာ သတင်းပေးသူများအဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော်သူများအဖြစ်လည်းကောင်း စေလွှတ်တော်မူခဲ့လေသည်။ ယင်း သို့ စေလွှတ် တော်မူခြင်းမှာ) ထိုရစူလ်တမန်တော်များ ရောက်ရှိလာကြပြီးနောက် (‘ကိယာမသ်’ခေါ် ရှင်ပြန်ထရမည့်နေ့တွင်) အလ္လာဟ်အရှင်မြတ် ၏ ရှေ့တော်မှောက်၌ လူတို့အဖို့ အကြောင်းပြချက် မရှိစေရန်အလို့ငှာ ဖြစ်ချေသည်။)54 (စူရဟ် နိစာအ် : အာယသ် 165) ၎င်းတို့အနက် ပထမဦးဆုံး ရစူလ်တမန်တော်သည် နူးဟ် (عليه السلام) ဖြစ်ပြီး နောက်ဆုံးရစူလ် တမန်တော်သည် မုဟမ္မဒ်(ﷺ) ဖြစ်ပြီး ကိုယ်တော်မြတ် သည် နောက်ဆုံးနဗီတမန်တော်လည်းဖြစ်သည်။
နူးဟ် (عليه السلام)သည် ပထမဦးဆုံ ရစူလ်တမန်တော်ဖြစ်ကြောင်း အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်။
{إِنَّا أَوْحَيْنَا إِلَيْكَ كَمَا أَوْحَيْنَا إِلَىٰ نُوحٍ وَالنَّبِيِّينَ مِن بَعْدِهِ...}
(စင်စစ် ငါအရှင်မြတ်သည် (နဗီတမန်တော်) နူးဟ်နှင့် ယင်း (နဗီတမန်တော် နူးဟ်) ၏နောက်၌ ပွင့်ခဲ့ကြလေသော နဗီတမန်တော်တို့ထံသို့ (ဝဟ်ယ်) အ မိန့်ဗျာဒိတ်တော်များ ပို့တော်မူဘိသကဲ့သို့ အသင့်ထံသို့လည်း (ဝဟ်ယ်) အမိန့်ဗျာဒိတ်တော်များကို ပို့တော်မူခဲ့လေသတည်း။)55 (စူရဟ် နိစာအ် : အာယသ် 163) အလ္လာဟ်အရှင်မြတ်သည် လူသားမျိုးနွယ်အုပ်စုတိုင်းအတွက် နူးဟ် (عليه السلام)မှစ၍ တမန်တော် မုဟမ္မဒ် (ﷺ) အထိ ရစူလ်တမန်တော်များကို စေလွှတ်တော်မူခဲ့သည်။ ထိုရစူလ်တမန်တော်များသည် မိမိတို့၏ အွမ္မသ်သားများကို အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းကိုသာ ခဝပ်ကိုးကွယ်ကြရန် အမိန့်ပေးပြီး မမှန်ကန်သည့် ကိုးကွယ်ရာများကို ခဝပ်ကိုးကွယ်ခြင်းမှ တားမြစ်ခဲ့သည်။ ၎င်း၏အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{وَلَقَدْ بَعَثْنَا فِي كُلِّ أُمَّةٍ رَّسُولًا أَنِ اعْبُدُوا اللَّهَ وَاجْتَنِبُوا الطَّاغُوتَ...}
(စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် လူမျိုးတိုင်းတွင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူပြီး အသင်တို့သည် အခြားကိုးကွယ်ရာများကို စွန့်လွှတ်ပယ်ရှား၍ တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန် (ဟုဟောကြားစေတော်မူခဲ့လေသည်။)) 56 (စူရဟ် နဟလ် : အာယသ် 36) အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်အားလုံးပေါ်တွင် မမှန်ကန်သည့် ကိုးကွယ်ရာများကို ငြင်းဆန် စွန့်လွှတ်ကာ အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းကိုသာလျှင် ‘အီမာန်’ သက်ဝင်ယုံကြည်ရန် ‘ဖရ်ဿွ်’တာဝန်အဖြစ် သတ်မှတ်တော်မူခဲ့သည်။
အစ်ဗ်နုလ်ကိုင်ယင်မ် (رحمه الله)က ပြောကြားခဲ့သည်။ ‘သွာဂူးသ်’ဟူသည် ဗန္ဓာကျေးကျွန်သည် ခဝပ်ကိုးကွယ်ရာတွင်လည်းကောင်း၊ လိုက်နာကျင့်သုံးရာတွင်လည်းကောင်း၊ အမိန့်နာခံရာတွင် လည်း ကောင်း ယင်းသတ်မှတ်ထားသည့်ဘောင်ကို ကျော်လွန်သွားသော အရာဟူသမျှကို ခေါ်ဆိုသည်။ ထို့ ပြင် ‘သွာဂူးသ်’သည် အများအပြားရှိပြီး ၎င်းတို့အနက် (၅)မျိုးသည် အဓိကဖြစ်သည်။
(၁) အိဗ်လီးစ် (لعنه الله)
(၂) မိမိအား ခဝပ်ကိုးကွယ်ခြင်းကို နှစ်သက်သူ
(၃) မိမိအား ခဝပ်ကိုးကွယ်ကြစေရန်အတွက် လူသားများကို ဖိတ်ခေါ်သူ
(၄) အကွယ်နှင့် သက်ဆိုင်သော အသိပညာများအနက်မှ တစ်စုံတစ်ရာကို သိသည်ဟု ကြွေးကြော်သူ
(၅) အလ္လာဟ်အရှင်မြတ် ချမှတ်ပေးထားသော အမိန့်ပညတ်ချက်များနှင့် ဆန့်ကျင်ပြီး အခြားသော အမိန့်ပညတ်ချက်များဖြင့် တရားစီရင်ဆုံးဖြတ်သူတို့ ဖြစ်သည်။
၎င်း၏အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
{لَا إِكْرَاهَ فِي الدِّينِ ۖ قَد تَّبَيَّنَ الرُّشْدُ مِنَ الْغَيِّ ۚ فَمَن يَكْفُرْ بِالطَّاغُوتِ وَيُؤْمِن بِاللَّهِ فَقَدِ اسْتَمْسَكَ بِالْعُرْوَةِ الْوُثْقَىٰ لَا انفِصَامَ لَهَا ۗ وَاللَّهُ سَمِيعٌ عَلِيمٌ 256}
(ဖြောင့်မတ်မှန်ကန်သော (အစ္စလာမ်သာသနာတော်၏) တရားလမ်းစဉ်သည် မမှန်ကန်သော လမ်းစဉ်နှင့်(သိသိသာသာ) ရှင်းလင်းထင်ရှားစွာ ကွဲပြားခြားနားလျက်ရှိနေပြီဖြစ်ပေရာ (မည်သူတစ်ဦးတစ်ယောက်ကိုမျှ အစ္စလာမ်) သာသနာတော်တွင်း၌ (ဝင်ရောက်ရန်အတွက်) အတင်းအဓမ္မ အနိုင်အထက် အလျင်းမပြုရ။ သို့ဖြစ်၍ အကြင်သူတစ်ဦးတစ်ယောက်သည် (အလ္လာဟ်အရှင်မြတ်မှအပ လူသားတို့ မှတ်ယူထားသော မမှန်ကန်သော ကိုးကွယ်ရာများကို) သွေဖည်ငြင်းဆန် (စွန့်လွှတ်ပယ်ရှား)ကာ (တစ်ဆူတည်းသော) အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ယုံကြည်ကိုးကွယ်ပါမူ ဧကန်အမှန် ထိုသူသည် အလွန်ခိုင်မြဲ၍ ယုံကြည်အားကိုးဖွယ်ရာဖြစ်သည့်ပြင် မည်သည့်အခါမျှ ကျိုးပျက်ခြင်းအလျင်းမရှိသော ကြိုးကွင်းကို မြဲမြံစွာ ဆွဲကိုင်ထားသူဖြစ်ချေပြီ။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် (အသင်တို့၏ နှုတ်လျှာမှ ထွက်ဆိုသော အကြောင်းအရာများကို) အလုံးစုံကြားတော်မူသောအရှင်၊ (အသင်တို့စိတ်တွင်း၌ လျှို့ဝှက်သော အကြောင်းအရာ) ခပ်သိမ်းတို့ကိုလည်း အကြွင်းမရှိ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။)57 (စူရဟ် ဘကရဟ် : အာယသ် 256) ဤသည် ( لا إله إلا الله )၏ အဓိပ္ပါယ်ပင် ဖြစ်သည်။
ဟဒီးဆ်တော်တွင် လာရှိသည်မှာ-
{رَأْسُ الأَمْرِ: الإِسْلَامُ، وَعَمُودُهُ: الصَّلَاةُ، وَذِرْوَةُ سَنَامِهِ: الجِهَادُ فِي سَبِيلِ اللَّهِ}.
တမန်တော်မြတ် (ﷺ) မိန့်ကြားတော်မူသည်။ “ထိုကြီးကျယ်လှသော အရာ၏ ဦးခေါင်းသည် ‘အစ္စလာမ်’ ဖြစ်သည်။ ထိုအရာ၏ တိုင်သည် ‘ဆွလာသ်’ ဖြစ်သည်။ ထိုအရာ၏ အထွတ်အထိပ်သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် ‘ဂျိဟာဒ်’ ပြုခြင်းဖြစ်သည်”။58 အလ္လာဟ်အရှင်မြတ်သည်သာလျှင် အသိဆုံးဖြစ်တော်မူပါသည်။
မာတိကာ
မွစ်လင်မ်တိုင်း သင်ယူဆည်းပူးရန် အရေးကြီးသောအချက်များ။ 2
‘အလ်ဟနီဖီယဟ်’သည် အိဗ်ရာဟီးမ် (عليه السلام)၏ သာသနာ့လမ်းစဉ် ဖြစ်သည်။ ၎င်းမှာ အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းအား ခဝပ်ကိုးကွယ်ဆည်းကပ်ခြင်းဖြစ်သည်။ 11
အလ္လာဟ်အရှင်မြတ် မိန့်ကြားထားသော အိဗာဒသ် အမျိုးအစားများ။ 21
ဒုတိယ ဥပဒေသ။ အစ္စလာမ်သာသနာတော်ကို အထောက်အထားများနှင့်တကွ သိနားလည်ခြင်းဖြစ်သည်။ 34
ပထမအဆင့်- အစ္စလာမ် 34
ဒုတိယအဆင့် - အီမာန် 45
တတိယအဆင့် - အိဟ်စာန် ၎င်းတွင် မဏ္ဍိုင် (၁)ခုရှိသည်။ 47
တတိယ ဥပဒေသ။ ။အသင်တို့၏ နဗီတမန်တော် မုဟမ္မဒ်(ﷺ) ကို သိရှိခြင်း။ 55
***
my36v1.0 - 18/07/2026
(စူရဟ် မုဟမ္မဒ် : အာယသ် 19).
(စူရဟ် မုဇမ္မိလ် : အာယသ် 15 - 16).
[ 4 ] (စူရဟ် ဂျင်န် : အာယသ် 18)
(စူရဟ် မုဂျာဒလဟ် : အာယသ် 22)
(စူရဟ် ဇာရိယားသ် : အာယသ် 56)
(စူရဟ် နိစာအ် : အာယသ် 36)
(စူရဟ် ဖာသိဟဟ် : အာယသ် 2)
(စူရဟ် ဖွသ်စွိလသ် : အာယသ် 37)
(စူရဟ် အအ်ရားဖ် : အာယသ် 54)
(စူရဟ် ဘကရဟ် : အာယသ် 21 - 22)
(စူရဟ် ဂျင်န် : အာယသ် 18)
(စူရဟ် မုအ်မိနူးန် : အာယသ် 117)
သိရ်မိဇီကျမ်း၊ ဟဒီးဆ်အမှတ် (3371).
(စူရဟ် ဂါဖိရ် : အာယသ် 60).
(စူရဟ် အာလိအင်မ်ရားန် : အာယသ် 175)
(စူရဟ် ကဟဖ် : အာယသ် 110)
(စူရဟ် မာအိဒဟ် : အာယသ် 23)
(စူရဟ် သွလာက် : အာယသ် 3)
(စူရဟ် အန်ဗိယာအ် : အာယသ် 90)
စူရဟ် ဘကရဟ် : အာယသ် 150)
စူရဟ် ဇုမရ် : အာယသ် 54)
(စူရဟ် ဖာသိဟဟ် : အာယသ် 5).
သိရ်မိဇီကျမ်း ကိယာမသ်၏မြင်ကွင်းများ၊ စိတ်နှလုံးကို နူးညံ့စေပြီး ဘာသာတရားကိုင်းရှိုင်းစေသောအရာများအခန်း ဟဒီးဆ်အမှတ် (2516)၊ အဟ်မဒ်ကျမ်း (1/308).
(စူရဟ် နားစ် : အာယသ် 1- 2)
(စူရဟ် အန်ဖားလ် : အာယသ် 9)
(စူရဟ် အန်အားမ် : အာယသ် 162-163).
မွတ်စ်လင်မ်ကျမ်း၊ ကုရ်ဘာနီသားကောင်များအခန်း ဟဒီးဆ်အမှတ် (1978)၊ နစာအီကျမ်း ကုရ်ဘာနီသားကောင်များအခန်း ဟဒီးဆ်အမှတ် (4422)၊ အဟ်မဒ်ကျမ်း (1/118).
(စူရဟ် ဒဟ်ရ် : အာယသ် 7)
(စူရဟ် အာလိအင်မ်ရားန် : အာယသ် 18).
(စူရဟ် ဇုခ်ရုဖ် : အာယသ် 26 - 28 )
(စူရဟ် အာလိအင်မ်ရားန် : အာယသ် 64)
စူရဟ် သောင်ဗဟ် : အာယသ် 128)
စူရသ် ဗိုင်ယ်ယိနဟ် : အာယသ် 5)
(စူရဟ် ဘကရဟ် : အာယသ် 183)
(စူရဟ် အာလိအင်မ်ရားန် : အာယသ် 97)
(စူရဟ် ဘကရဟ် : အာယသ် 177)
(စူရဟ် ကမရ် : အာယသ် 49)
(စူရဟ် နဟလ် : အာယသ် 128)
(စူရဟ် ရှုအရာအ်: အာယသ် 217- 220)
(စူရဟ် ယူနွတ်စ် : အာယသ် 61)
မွတ်စ်လင်မ်ကျမ်း၊ အီမာန်အခန်း ဟဒီးဆ်အမှတ် (8)၊ သိရ်မိဇီကျမ်း၊ အီမာန် အခန်း ဟဒီးဆ်အမှတ် ( 2610)၊ နစာအီကျမ်း၊ အီမာန် နှင့် ရှရီအသ်တရား စီရင် ချက်များအခန်း ဟဒီးဆ်အမှတ် (4990)၊ အဘူဒါဝူဒ်ကျမ်း ၊ စွန္နဟ်အခန်း ဟဒီးဆ်အမှတ် (4695)၊ အိဗ်နုမာဂျဟ် ၊ မုကဒ္ဒိမဟ် (နိဒါန်း) ဟဒီးဆ်အမှတ် (63)၊ အဟ်မဒ်ကျမ်း (1/ 52).
(စူရဟ် မွတ်ဒတ်စိရ် : အာယသ် 1 - 7)
(စူရဟ် နိစာအ် : အာယသ် 97 - 99)
(စူရဟ် အန်ကဗူးသ် : အာယသ် 56)
အဘူဒါဝူဒ်ကျမ်း ၊ ဂျိဟာဒ်အခန်း ဟဒီးဆ်အမှတ် (2479)၊ အဟ်မဒ်ကျမ်း (4 / 99) ၊ ဒါရိမီကျမ်း၊ စီရသ်အခန်း ဟဒီးဆ်အမှတ် (2513)
(စူရဟ် အအ်ရားဖ် : အာယသ် 158)
(စူရဟ် မာအိဒဟ်: အာယသ် 3)
(စူရဟ် ဇုမရ် : အာယသ် 30 - 31)
စူရဟ် သွာဟာ : အာယသ် 55
(စူရဟ် နူးဟ် : အာယသ် 17 - 18)
(စူရဟ် နဂ်ျမ် : အာယသ် 31)
(စူရဟ် သဂါဗွန် : အာယသ် 7)
(စူရဟ် နိစာအ် : အာယသ် 165)
(စူရဟ် နိစာအ် : အာယသ် 163)
(စူရဟ်နဟလ် : အာယသ် ၃၆)
(စူရဟ် ဘကရဟ် : အာယသ် 256)
သိရ်မိဇီကျမ်း၊ အီမာန်အခန်း ဟဒီးဆ်အမှတ် ( 2616) ၊ အိဗ်နုမာဂျဟ်ကျမ်း၊ ဖိသန်အခန်း ဟဒီးဆ်အမှတ် (3973)ယ၊ အဟ်မဒ်ကျမ်း၊ အတွဲ (5 ၊ ဟဒီးစ်အမှတ် 246)
(စူရဟ် အစွရ် : အာယသ် 1 - 3).